မယ်စဲ့ ဖေဖော်ဝါရီ ၂၇
ယနေ့ခေတ်လူငယ်လူရွယ်များ အလုပ်ကိုဘဝအတွက် အရင်းအနှီးကောင်း၊ ဘဝတိုးတက်မှုအတွက် အင်အားကောင်းအဖြစ် သတ်မှတ်ယုံကြည်ကာ ဘဝကိုအလုပ်ဖြင့် တည်ဆောက်နိုင်စေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာမတင်ဝင်း ရေးသားသည့် အလုပ်နှင့်ဘဝကိုတည်ဆောက်ခြင်း စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့က ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်းသူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စောဝတ်ရည်က အလုပ်ကို အောင်မြင်အောင် ကြိုးစားလုပ်ဆောင်ခြင်းဖြင့် မိမိတို့၏ဘဝကို ခိုင်မာအောင် တည်ဆောက်နေသော လမ်းပေါ်တွင် လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ အလုပ်လုပ်နေရင်း မအောင်မြင်သေးပါက အားမလျှော့ရန်နှင့် ဘဝရထားသည့်အချိန်တွင် ဘဝကိုအဖိုးတန်အောင် ကြိုးစားသင့်သလို အားလျှော့သည်နှင့် ဘဝ၏တန်ဖိုး ကျဆင်းနိုင်ကြောင်း၊ ထို့ကြောင့် အလုပ်ကိုအောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သေးသည်ဖြစ်စေ သတိ၊ ဝီရိယထားကာ ကြိုးစားနေရမည်ဖြစ်ကြောင်း ဦးဆောင်ဆွေးနွေးခဲ့သည်။
ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်ဖြူစင်သန့်နှင့် မမေသူဟိန်းတို့က ကောင်းသောအလုပ်လုပ်နေရင်း မကောင်းတာတွေနှင့် ကြုံတွေ့လာရပါက စိတ်ပျက်အားငယ်စရာ မလိုဘဲကောင်းသော စိတ်ထားနှင့်မှန်ကန်သော ကြိုးစားအားထုတ်မှုမျိုးဖြင့် အလုပ်လုပ်ပါက တူသောအကျိုးကို ရရှိခြင်းဖြင့် ကောင်းမွန်သောဘဝကို တည်ဆောက်နိုင်သူများ ဖြစ်နိုင်ပုံတို့ကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(မယ်စဲ့)