နတ်မောက်မြို့နယ်တွင် နွေရာသီ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လိုက်လံနှိုးဆော်

နတ်မောက် ဖေဖော်ဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူများ နွေရာသီမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၃နာရီခွဲ အချိန်က မြို့ပေါ်(၇)ရပ်ကွက်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့မော်တော်ယာဉ်ဖြင့် လိုက်လံအသိပညာပေးနှိုးဆော်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါမီးဘေးအန္တရာယ်အသိပညာပေးဆောင်ရွက်ခဲ့ရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ အသက်အိုးအိမ်စည်းစိမ်းများ ဆုံးရှုံးမှုမရှိစေရေးအတွက် မိမိနေအိမ်တွင် အသုံးပြုနေသော ဟောင်းနွမ်းနေသည့် လျှပ်စစ်မီးကြိုးများ အသစ်လဲလှယ်ရန်၊ ထင်း၊ မီးသွေး မီးဖိုဖြင့် ချက်ပြုတ်ပါက မီးကြွင်းမီးကျန်များ စနစ်တကျငြိမ်းသတ်ရန်၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေအိတ်၊ ရေပုံး၊ မီးသတ်ဆေးဘူးများ အဆင်သင့် ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက အချိန်မီ မီးသတ်တပ်ဖွဲ့ရုံးသို့ သတင်းပေးပို့ကြရန်နှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဥပဒေပုဒ်မ ၁၆ (က)အရ (၂၁)ချက်ပါ မီးဘေးကြိုတင် ကာကွယ်ရေးဆိုင်ရာ လိုက်နာရမည့်အချက်များအား အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။

လှဝင်း