စိုက်ပျိုးရေးအသိပညာ၊ အတတ်ပညာများကို လက်တွေ့အသုံးချပြီး ပတ်ဝန်းကျင်ထိခိုက်မှုများကို ရှောင်ရှား၍ ရေရှည်တည်တံ့ခိုင်မြဲသောစိုက်ပျိုးရေးစနစ်ကိုဖော်ဆောင်လုပ်ကိုင်

ဘားအံ ဖေဖော်ဝါရီ  ၂၆

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)ဘားအံမြို့၏ ပဉ္စမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က နည်းပညာတက္ကသိုလ်(ဘားအံ) ဘွဲ့နှင်း သဘင်ခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ပြည်နယ်အစိုးရအဖွဲ့ဝင်များတက်ရောက်ခဲ့ကြပြီး စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်) ကျောင်းအုပ်ကြီးအမှူးပြုသော စီမံခန့်ခွဲရေးအဖွဲ့များနှင့် ပညာရေးအဖွဲ့ဝင်များသည် ဝတ်ရုံများ ဝတ်ဆင်လျက် ဒီပလိုမာအပ်နှင်းမည့်စင်မြင့် ထက်တွင်နေရာယူကြပြီး အမျိုးသားသီချင်းတီးလုံးကို ဖွင့်လှစ်၍ အခမ်းအနားကိုဖွင့်လှစ်သည်။

ဒီပလိုမာအပ်နှင်းပွဲတွင်  ပြည်နယ်ဝန်ကြီးချုပ်က (၃)နှစ်တာကာလအတွင်းစည်းကမ်းလိုက်နာပြီး အပတ်တကုတ်ကြိုးစားအားထုတ်မှုကြောင့် ဒီပလိုမာအသီးအပွင့်ကို ရရှိပိုင်ဆိုင်သည့်နေ့တစ်နေ့ ဖြစ်သကဲ့သို့ နိုင်ငံတော်နှင့် ပြည်နယ်အတွက် အင်အားဖြစ်စေသောနေ့တစ်နေ့လည်းဖြစ်ကြောင်း၊ မိမိတို့သင်ယူတတ်မြောက်ခဲ့သော စိုက်ပျိုးရေးပညာဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ၏လူမှုစီးပွားဘဝကို မြှင့်တင်နိုင်အောင်ဆောင်ရွက် ပေးဖို့လည်းတိုက်တွန်းလိုကြောင်း၊ ဒီပလိုမာနှင့်ရောင့်ရဲမနေဘဲ B.Ag , M.Ag နှင့် ပါရဂူဘွဲ့များထိ ဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ စိုက်ပျိုးရေးအသိပညာ၊ အတတ်ပညာများကို လက်တွေ့အသုံးချပြီး ပတ်ဝန်းကျင်ထိခိုက်မှုများကို ရှောင်ရှား၍ ရေရှည်တည်တံ့ခိုင်မြဲသောစိုက်ပျိုးရေးစနစ်ကိုဖော်ဆောင်လုပ်ကိုင်ကြကာ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲတီထွင်ကြံဆလုပ်ကိုင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ကြီး(တာဝန်)ဒေါ်ခင်သီတာကျော်က လိုအပ်သည့်ကတိခံဝန်ချက်များရယူကာ အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်လက်မှတ် စိုက်ပျိုးရေးဒီပလိုမာ ပွဲတက်ရယူသူ ၃၇ ဦးနှင့် အဝေးရောက် ဒီပလိုမာရယူသူ ၁၆ ဦး စုစုပေါင်း ၅၃ ဦးကို စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းပြီး အပ်နှင်းပြီးသော ဒီပလိုမာစာရင်းကို လက်မှတ်ရေးထိုးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမနှစ်မှနောက်ဆုံးနှစ်ထိ တန်းစင်ပေါင်းဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ကျောင်းအုပ်ကြီးက ဒီပလိုမာအပ်နှင်းသဘင်မိန့်ခွန်းမြွတ်ကြားကာ ပဉ္စမအကြိမ် စိုက်ပျိုးရေး ဒီပလိုမာအပ်နှင်းသဘင်ရုပ်သိမ်းကြောင်း ကြေညာသည်။

စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသဘင်အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီပလိုမာယူသူများနှင့် ၎င်းတို့၏ မိဘ၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားခြင်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုအားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)