ဘားအံ ဖေဖော်ဝါရီ ၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ပူပြင်းခြောက်သွေ့သည့် နွေရာသီရောက်ရှိလာပြီးဖြစ်သည့်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် မြို့နယ်စည်ပင်သာယာရေးနယ်နမိတ်အတွင်းရှိဈေးများ ဖြစ်ကြသည့်မြို့မဈေးနှင့် အမှတ်(၂)စံပြဈေးတို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက်ပိုင်း(၁၀) နာရီကဆောင်ရွက်ခဲ့ကြရာ ဘားအံခရိုင် ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ရာတွင် ဘားအံခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းအရင်း၊ မီးလောင်မှုအတန်းအစား (၄) မျိုးရှိကြောင်း ၊ မီးလောင်မှုဖြစ်ပွားရာတွင် ပထမဦးဆုံးတွေ့ရှိသူသည် မီးသတ်သမားဖြစ်သည့်အတွက် မိမိဈေးတွင်ရှိသည့်မီးသတ်ဆေးဘူးများကိုအသုံးပြု၍ မီးလောင်မှုကိုတားဆီးကာကွယ်နိုင်စေရန် ၊ ဈေးရှိပစ္စည်းများ ဆုံးရှုံးမှုများကာကွယ်ရန်အတွက် ဈေးသူ ၊ ဈေးသားများအားလုံး မီးသတ်ဆေးဘူးများ ၊ မီးငြိမ်းသတ်နိုင်မည့် ပစ္စည်းများကိုအသုံးပြုကာအရေးပေါ်မီးငြိမ်းသတ်နိုင်နည်းလမ်းများကို သိရှိထားရမည်ဖြစ်ကြောင်းပြောကြား၍ မီးဘေးဇာတ်တိုက်လေ့ကျင့် သရုပ်ပြခြင်းကို ဆောင်ရွက်ကြရာ ဈေးသူ ၊ ဈေးသားများ ၊ စည်ပင်သာယာရေးဝန်ထမ်းများက လက်တွေ့ဆောင်ရွက်ကြရာ ဘားအံခရိုင် မီးသတ်ဦးစီးမှူး ၊ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက မီးငြိမ်းသတ်မှုကို လက်တွေ့ သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)