ကြံခင်းမြို့တွင် မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များ (အခမဲ့ )ဖြန့်ဝေ

ကြံခင်း ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်  မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်မှုလျှော့နည်း ပပျောက်စေရန်ရည်ရွယ်ပြီး မီးဘေးလုံခြုံရေးအသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက  ဗိုလ်ချုပ်လမ်းတစ်လျှောက် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးကြောင်း သိရသည်။

အဆိုပါအသိပညာပေး လက်ကမ်းစာစောင်တွင် မီးဘေးဆိုသည်မှာ၊ မီးလောင်ခြင်းကြောင့် လူသားအရင်းအမြစ်နှင့် သဘာဝအရင်းအမြစ်အားလုံးကို ဖျက်ဆီးပစ်နိုင်သော ဘေးတစ်ခုဖြစ်ကြောင်း၊  မိမိနေအိမ်တွင် မီးဘေးအန္တရာယ် ကင်းဝေးစေရန်ဆောင်ရွက်ရမည့်အချက်များ၊   အထပ်မြှင့်တိုက်များမီးလောင်လျှင်၊  မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ်ကြုံတွေ့လာလျှင် လုပ်ဆောင်ရမည့်အချက်များ၊  လျှပ်စစ်ဓာတ်အား စနစ်တကျသုံးစွဲရမည့်အချက်များ၊  ရုတ်တရက်မီးလောင်ကျွမ်းခြင်း ဖြစ်ပေါ်က မီးသတ်ဆေးဗူးအသုံးပြုပုံ၊ မီးသတ်ယာဉ်များဖြင့် အမြန်ဆုံးငြိမ်းသတ်နိုင်ရေးအတွက် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ၊  ဆောင်ရွက်ရမည့်အချက်များပါဝင်သော  အသိပညာပေး လက်ကမ်းစာစောင် စောင်ရေ(၁၀၀)ကို ပြည်သူများ လက်ဝယ်အရောက်(အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးအရာရှိဦးကိုကိုနိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ ပူးပေါင်းဖြန့်ဝေပေးခဲ့ကြောင်းနှင့် ကြံခင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်  ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို (နေ့စဉ်)ဆောင်ရွက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)