ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၆၂ ရွာမှ ကျေးလက်နေပြည်သူများ နေ့စဥ်သုံးစွဲနေသော သောက်သုံးရေများအရည်အ‌သွေးကောင်းမွန်မှုရှိ/မရှိ ဓါတ်ခွဲ စမ်းသပ်စစ်ဆေး

ပေါက်  စက်တင်ဘာ   ၂၉

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်းရှိကျေးရွာများမှ ကျေးလက်နေ ပြည်သူများ နေ့စဥ်သုံးစွဲနေသော သောက်သုံးရေအရည်အ‌သွေးများ ကောင်းမွန်မှုရှိ/မရှိ ဓါတ်ခွဲ စမ်းသပ် စစ်ဆေးခြင်းကို စက်တင်ဘာလ ပထမပတ်က စတင် ၍ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ဝန်ထမ်းများ၊ လူထုဗဟိုပြု စီမံကိန်း လက်ထောက် နည်းပညာမှူးများနှင့် လူထုစည်းရုံးရေးမှူးများက မြို့နယ်အတွင်းရှိ ကျေးရွာ ၂၆၂ ရွာမှ သောက်သုံးရေများကို ဓါတ်ခွဲ စမ်းသပ် စစ်ဆေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် Physico-chemical resting နှင့် ပတ်သက်ပြီး ရေတွင်ပါဝင်သော (Turbidity) နောက်ကျိမှုပမာဏ၊ (PH) အက်ဆစ်နှင့် Base ပါဝင်မှု၊ (Total Dissolved Solid) အစိုင်အခဲပျော်ဝင်နိုင်မှု၊ (Electrical Conductivity) လျှပ်စစ်စီးဆင်းမှုနှုန်း၊ (Nitrate) နိုက်ထရစ်ဓါတ်ပါဝင်မှု၊ (Fluoride) ဖလိုရိုက်ဓါတ်ပါဝင်မှု အဆိုပါဓါတ်ပစ္စည်းများကို ရေထွက် ပင်ရင်းမှ ယူဆောင်လာပြီး နှစ်ဆယ့်လေးနာရီအတွင်း စမ်းသပ်စစ်ဆေးကာ ဓါတ်ခွဲစမ်းသပ် အဖြေချက်ချင်း သိရှိရခြင်းဖြစ်ပြီး၊ Microbi ological နှင့် ပတ် သက်ပြီး ( Total Coliform) ရေထဲတွင်ပါဝင်သော လူနှင့်တိရစ္ဆာန်တို့၏ မစင်၊ အညစ်အကြေးဓါတ်ကြောင့် ဝမ်းပျက် ဝမ်းလျှောဖြစ်စေတတ်သော ဗက်တီးရီးယားပိုး ပါဝင်မှုတို့ကို ရေထွက်ပင်ရင်းမှ သယ်ယူပြီး နောက် နှစ်နာရီအတွင်း စမ်းသပ်စစ်ဆေးရခြင်းများ ဆောင်ရွက်ရပြီး အဆိုပါကျေးရွာများတွင် စမ်းသပ်စစ်ဆေးကာ ၄၈ နာရီကြာတွင် ဓါတ်ခွဲစမ်းသပ်အဖြေသိရှိရကြောင်း မြို့နယ်ကျေးလက် ဒေ သဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါရေအရည်အသွေးစမ်းသပ်ခြင်းလုပ်ငန်းကို  ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၆၂ ရွာရှိအများသုံးနေရာမှရေနမူနာများကို သတ်မှတ်အချိန်အတိုင်းရယူကာ စက်တင်ဘာလ ပထမပတ်မှစတင်ပြီး ဓါတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ စက်တင်ဘာလကုန်အတွင်း အပြီး စမ်းသပ် စစ်ဆေးသွားမည်ဖြစ် ကြောင်း သိရသည်။

ဉာဏ်တိုး​(ပေါက်)