ငပုတော ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက် သာယာကျောင်းတိုက်အတွင်းတည်ထားကိုးကွယ်တော်မူအပ်သော ရှေးဟောင်းသမိုင်းဝင် သာယာအေး အာရုံခံစေတီတော်မြတ်ကြီး၏ ဌာပနာပိတ်ပွဲအခမ်းအနားကို ယနေ့နံနက် (၇)နာရီအချိန်က အဆိုပါကျောင်းတိုက်ဝန်းအတွင်း ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ သာယာအေးအာရုံခံစေတီတော်မြတ်ကြီး၏မတည် အလှူရှင်ဒေါ်ငွေတိုးနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို၍ စတင်ဖွင့်လှစ်ပြီးနောက် မြို့နယ်သံဃာ့နာယကအဖွဲ့ဒုတိယဥက္ကဠ ဝေဠုဝန်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နယကဆရာတော်ဘဒ္ဒန္တဝဏ္ဏသာမိအရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူနှင့်စေတနာရှင် အလှူရှင်များက သာယာအေးအာရုံခံအေးစေတီတော်မြတ်အတွင်း လှုဒါန်းမည့်ဌာပနာတော်များကို သာယာကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနယကဆရာတော် ထံဆက်ကပ်လှုဒါန်းကြသည်။
ဆက်လက်ပြီး ဌာပနာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူနှင့်စေတနာရှင်၊ အလှုရှင်များက သာသာနာတော်ဆိုင်ရာ အခမ်းအနားနှင့်အညီ ပင့်ဆောင်ပူဇော်ပြီး မင်္ဂလာဘိသေကပညာရှင်က မင်္ဂလာသြဘာစာတမ်းအား ဖတ်ကြားကာ မင်္ဂလာ အချိန်ကြရောက်သည်နှင့် ရှေးဟောင်းသမိုင်းဝင် သာယာအေးအာရုံခံ စေတီတော်မြတ်ကြီး၏ ဌာပနာတော်များကို ထည့်သွင်းပူဇော်ပြီးနောက် စေတနာရှင် အလှုရှင်များက သက်ဆိုင်ရာဂြိုလ်ထောင့်အသီးသီးမှ အရံစေတီတော်များအား ထည့်သွင်းပူဇော်ကာ “အောင်ဂါထာ “ရွတ်ဆို၍ ရေစက်ချ အမျှပေးဝေခဲ့ပြီး ရတနာရွှေမိုးငွေမိုးများရွာသွန်းကာ” ဗုဒ္ဓသာသနံစိရံတိတတု “သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)