ဘားအံ ဖေဖော်ဝါရီ ၂၆
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁:၀၀)နာရီအချိန်ခန့်က ထောင်ကလပ်ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ဘားအံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးထင်က အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများမှ ညှိနှိုင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ကိုဗစ်ကာကွယ်ဆေးကို လူတိုင်းအကြိမ်ပြည့်ထိုးနှံကြစေလိုကြောင်း၊ ဘားအံမြို့နယ်အား ခရီးသွားမြို့တော်အဖြစ် ဆောင်ရွက်လျက်ရှိရာ မိမိပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းမင်းဌေးက ပြည်သူ့လုံခြုံရေးအတွက် ဆောင်ရွက်နေမှုတွင် သတင်းအချက်ပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးဝင်းတင်က လာမည့်ကျောင်းဖွင့်ရာသီတွင် စိုက်ပျိုးရေးအထက်တန်းကျောင်းဖွင့်လှစ်ပေးမည်ဖြစ်၍ စိတ်ပါဝင်စားသော ကျောင်းသား/ သူများ တက်ရောက်နိုင်ကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသိုက်အောင်က မှုခင်းကျဆင်းရေးနှင့်ယာဉ်စည်းကမ်း လမ်းစည်းကမ်းများလိုက်နာဆောင်ရွက်ရေးကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ စစ်ကြောင်းကြီး(၅)ကြောင်းတွင်ပါဝင်သော ဌာနဆိုင်ရာများမှ မိမိတို့ဌာန၏ ဌာနအလိုက် ဆောင်ရွက်ပေးနေသော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသော ရပ်ကွက်နေပြည်သူများမှ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား ဆွေးနွေးတင်ပြမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြပြီး ကျေးလက်နေပြည်သူများစားဝတ်နေရေးတစ်ဖက်တစ်လမ်းမှ အဆင်ပြေစေရန် ဆန်၊ ဆီ၊ ကြက်ဥများကို သက်သာစေနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)