မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးအရိပ်ရပင်နှင့် ပန်းအလှပင်များစိုက်ပျိုးထားရှိ

မိုးညို ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မိုးညိုမြို့အား "Clean City" "Green City"ဖြစ်စေရန် ရည်မှန်းလုပ်ဆောင်လျက်ရှိရာ မြို့သန့်ရှင်းသာယာ လှပစေရေးအတွက် အရိပ်ရပင်များနှင့်ပန်းအလှပင်များ စိုက်ပျိုးထားရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ထားရှိရာတွင် မြို့အဝင်ကြိုဆိုပါ၏ဆိုင်းဘုတ်(၃)နေရာ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ ဗိုလ်နေဝင်းလမ်း၊ အနော်ရထာလမ်း၊ သူရလမ်း၊ စိန်ပန်းမြိုင်လမ်းမကြီးများတွင် အရိပ်ရပင်များဖြစ်သည့် ကံ့ကော်၊ ခရေ၊ စိန်တံချူ၊ သပြေဘူတ၊ ဂျပန်ချယ်ရီ၊ တည်ပင်၊ ပိတောက်၊ ငုချယ်ရီ၊ စိန်ပန်း၊ စည်သပြေ၊ မြေခွေးမြီး၊အုန်းပွား စသည့်အရိပ်ရပင်များ၊ ပန်းအလှပင်များဖြစ်သည့် နွယ်သာဂီ၊ ပန်းအိ၊ အေးပန်း၊ စက္ကူပန်း၊ ခိုင်ရွှေဝါ၊ ခရာဝါ၊ ကြံ့စာ၊ ကြေးညို၊ ကြေးစိမ်း၊ ဘိုကတော်၊ ကန်စွန်းပန်း စသည့်ပန်းအလှများကို လမ်းဘေးဝဲ/ယာများတွင်လှပအောင်စိုက်ပျိုးထားပြီး မြို့နယ်စည်ပင်သာယာပန်းခြံရှိပျိုးဥယျာဉ်တွင် ပျိုးပင်များဆောင်ရွက်ထားရှိပြီး မြို့သာယာလှပစေရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှသိရသည်။

ကိုမင်း(ပြန်/ဆက်)