ပွင့်ဖြူမြို့နယ်၌ ဆူးပုပ်စိုက်ပျိုးတောင်သူများ မိသားစုနေ့စဉ်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ       ဖေဖော်ဝါရီ       ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ အညာကျေးလက်နေတောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး ကိုင်းမြေနှင့် မြေနုကျွန်းမြေများတွင် ဆူးပုပ်ကြီးနှင့် ဆူးပုပ်ကလေး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ မိသားစုအတွက် နေ့စဉ်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

ဆူးပုပ်ကြီးနှင့်ဆူးပုပ်ကလေး စိုက်ပျိုးရေးလုပ်ငန်းသည် (နွေ၊ မိုး၊ ဆောင်း ) တစ်နှစ်ပတ်လုံး မိသားစုအပိုဝင်ငွေရရှိသည့်သီးနှံဖြစ်ကာ စိုက်ပျိုးရာ၌ အစေ့ချစိုက်နည်းစနစ်နှင့် အပင်ပျိုးထောင်စိုက်နည်းစနစ်ဟူ၍ စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီးတစ်နှစ်သားအရွယ်တွင် ဆူးပုပ်ညွန့်များကို ဆွတ်ခူးရောင်းချရကြောင်းနှင့် အခြားသီးနှံများနှင့် သီးထပ်သီးညှပ် ရောနှောစိုက်ပျိုးနိုင်သဖြင့် နှစ်သီးစားသီးနှံဝင်ငွေရရှိကာ ဒေသခံတောင်သူများက အားထားလုပ်ကိုင်စိုက်ပျိုးကြကြောင်း သိရသည်။

 “ပွင့်ဖြူမြို့နယ်ဒေသက စိုက်ပျိုးရေအဆင်ပြေတော့ ဒေသခံပြည်သူတွေဟာ ဟင်းသီးဟင်းရွက်သီးနှံစိုက်ပျိုးရေး လုပ်ငန်းကို(နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ဟင်းသီးဟင်းရွက် စားပင်သီးနှံများထဲမှာဆိုရင် ဆူးပုပ်ကြီးနဲ့ ဆူးပုပ်ကလေး စိုက်ပျိုးရေးလုပ်ငန်းဟာ မိသားစုအတွက် နေ့စဉ်ဝင်ငွေရရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ စိုက်ပျိုးရာတွင်လည်း သီးနှံတစ်မျိုးတည်း စိုက်ပျိုးခြင်းမဟုတ်ဘဲ အခြားသီးနှံများနဲ့ရောနှော၍ သီးညှပ်သီးထပ် စိုက်ပျိုးလို့ရတာကြောင့် နှစ်သီးစားဝင်ငွေလဲရတာပေါ့ ။ တစ်ချို့တောင်သူတွေကတော့ ကိုင်းမြေနဲ့မြေနုကျွန်း ပတ်ပတ်လည်တွေမှာ စည်းရိုးသဖွယ် အတန်းလိုက်စိုက်ပျိုးကြတယ်။ တစ်ချို့ကတော့ ဉယျာဉ်ခြံမြေတွေမှာ စနစ်တကျနဲ့ အခြားသီးနှံတွေနဲ့ ရောနှောပြီး အတန်းလိုက် စိုက်ပျိုးတာတွေလဲရှိတယ်။ ဆူးပုပ်စိုက်ပျိုးရေးလုပ်ငန်းက စိုက်ပျိုးပြီး တစ်နှစ်သားအရွယ်ဆိုရင် ဆူးပုပ်ညွန့်စတင်ဆွတ်ခူး ရောင်းချလို့ရပါတယ်။ ဆူးပုပ်ညွန့်ကလည်း အခြားသောဟင်းသီး ဟင်းရွက်တွေလိုပဲ အရည်သောက်ဟင်း ဒါမှမဟုတ် ကြော်စားလို့ပဲဖြစ်ဖြစ် စားလို့ကောင်းတဲ့အတွက် ဝယ်ယူစားသုံးကြသူများပြီး ဈေးကွက်မှာ ရောင်းအားလည်းကောင်းတယ်ဗျ။ ဒါ့ကြောင့် ဒေသခံတောင်သူတွေက ဆူးပုပ်ကြီးနဲ့ ဆူးပုပ်ကလေး စိုက်ပျိုးရေးလုပ်ငန်းကို မိသားစုအတွက် နေ့စဉ်ဝင်ငွေရရှိတဲ့သီးနှံအဖြစ် အားထား စိုက်ပျိုးလုပ်ကိုင်ကြပါ တယ်” ဟု ပွင့်ဖြူမြို့နယ် မဒဲကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )