ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ရှင်ပြုနားသအလှူမင်္ဂလာပွဲတော်နှင့်ရှင်လောင်းလှည့်ခြင်းဓလေ့တွင် ထည့်သွင်းအသုံးပြုနေဆဲဖြစ်သည့် နွားလှည်းယာဉ်

ပွင့်ဖြူ ဖေဖော်ဝါရီ  ၂၆

ဗုဒ္ဓဘာသာမြန်မာလူမျိုးများရဲ့ အလှူအတန်းများစွာရှိသည့်အနက် အလှူရေစက်လက်နဲ့မကွာဆိုသလို အလှူအတန်းပြုကြသည့် ရှင်ပြုနားသခြင်းအလှူမင်္ဂလာပွဲများကိုလည်း ရှေးဘိုးဘွားများလက်ထက်မှ ယနေ့ထိတိုင်ဆင်နွှဲကျင်းပလေ့ရှိသည်။တနည်းအားဖြင့် သားလှရတနာ၊သမီးလှရတနာများကို သာသနာ့ဘောင်သို့သွတ်သွင်းသည့် အလှူမင်္ဂလာပွဲတော်ဖြစ်ပြီး အလှူမင်္ဂလာပွဲတော်ကျင်းပရာ၌ မပါမဖြစ်ရှင်လောင်းလှည့်လည်ခြင်းဓလေ့ကိုလည်း ပြုလုပ်ကြလေ့ရှိသည်။ထိုသို့ အလှူမင်္ဂလာပွဲတော်များတွင် ရှင်လောင်းလှည့်လည်ခြင်းကိုပြုလုပ်ရာတွင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်းက မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့ကို တန်ဖိုးထားထိန်းသိမ်းသည့်အနေဖြင့် နွားလှည်းယာဉ်များကို အလှတန်ဆာဆင်၍ ရှင်လောင်းလှည့်လည်ခြင်းဓလေ့ကို ယနေ့ထိတိုင် မြို့ပြနှင့်ကျေးလက်ဒေသများပါ တွင်ကျယ်စွာအသုံးပြုလျက်ရှိသည်။ 

ဗုဒ္ဓဘာသာ မြန်မာ့ရိုးရာထုံးတမ်းစဉ်လာများထဲတွင် ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲများ ဆင်နွှဲကြရာတွင် ဒေသအလိုက်ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဆင်ယင်ကျင်းပကြပြီး တစ်ချို့က "ဆင်းစီး ၊ မြင်းရံ" ဆိုသလို ရတနာဆင်များကိုငှားရမ်း၍ ရှင်လောင်းလှည့်လည်ခြင်း ၊ တစ်ချို့က မြင်းတွေကိုငှားရမ်း၍ ရှင်လောင်းလှည့်လည်ခြင်း ၊ မော်တော်ကားများဖြင့် ရှင်လောင်းလှည့်လည်ခြင်း စသဖြင့်အမျိုးမျိုးဆင်ယင်ကျင်းပပြုလုပ်ကြသည်။ရှင်ပြုခြင်းဆိုသည်မှာ သားလှရတနာကိုသာမဏေဘောင်သို့ ပြုပေးခြင်း တစ်နည်းအားဖြင့်သင်္ကန်းဝတ်ပေးခြင်း(သင်္ကန်းစည်းပေးခြင်း)ပြု၍ သာသနာ့ဘောင်သို့သွတ်သွင်းပေးခြင်းပင် ဖြစ်သည်။ ထိုနည်းတူစွာ သမီးအလှရတနာကိုလည်း မြတ်နားသမင်္ဂလာသဘင် ဆင်ယင်ကျင်းပပြုလုပ်ပေးသည်။ထိုကဲ့သို့ သားလှရတနာ ၊ သမီးအလှရတနာများကို သာသနာ့ဘောင်သို့ ရှင်သာမဏေပြုပေးခြင်းသည် ရှေးယခင်ကတည်းကပင်တည်ရှိခဲ့သည့် ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများရဲ့ထုံးတမ်းစဉ်လာ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုလည်းဖြစ်ကာ ယနေ့ထိတိုင်ဆင်နွှဲနေကြသည့် ရှင်ပြုအလှူမင်္ဂလာပွဲတော်များက မျက်မြင်ထင်ရှားတွေ့မြင်နေရဆဲ ပင်ဖြစ်သည်။

မြတ်စွာဘုရားရှင်လက်ထက်ကပင် ရှင်သာမဏေပြုခြင်း ၊ သာသနာ့ဘောင်သို့ ကိုရင်ဝတ်ခြင်းများရှိခဲ့ပြီး မြတ်စွာဘုရားရှင်သည် သားတော်ရာဟုလာကို သာသနာ့ဘောင်သို့ သာမဏေပြုပေးလိုက်ရာမှ စတင်ကာသာသနာတော်တွင် ရှင်သာမဏေပြုခြင်းအလှူမင်္ဂလာပွဲများ ပေါ်ထွန်းလာခြင်းဖြစ်ကြောင်း ဗုဒ္ဓစာပေကျမ်းဂန်များတွင် လေ့လာမှတ်သားရသည်။ "ရှင်" ဟူသောဝေါဟာရသည် (ဘုရားရှင် ၊ ရှင်ဘုရင် ၊ ရှင်သာမဏေ)ဟူ၍ ခေါ်ဝေါ်သုံးစွဲသည့် စကားလုံးဖြစ်သည်။ အလားတူ "သာမဏေ" ဟူသောဝေါဟာရမှာ "သာမဏေရ" ဟူသော ပါဠိစာလုံးမှဆင်းသက်လာသော မြန်မာဝေါဟာရဖြစ်ပြီး အဓိပ္ပါယ်မှာ ရဟန်းပြုရန်အရွယ်မရောက်သေးသူများအား ရှင်ကျင့်ဝတ်ကို လိုက်နာကျင့်သုံးရသည့် "မြင့်မြတ်သူများ"ဟု အဓိပ္ပါယ်ရသည်။ရှင်ပြုရာတွင် အရေးကြီးသည့် အချက်(၃)ချက်မှာ မောင်ရှင်လောင်းအား ဆံချပေးခြင်း ၊ သင်္ကန်းစည်းပေးခြင်း ၊ သရဏဂုံနှုတ်တိုက်ချပေးခြင်းတို့ပင် ဖြစ်သည်။ထိုအချက် (၃)ချက်တွင် အဓိကအရေးကြီးဆုံးအချက်သည် သရဏဂုံရွတ်ဆိုရာ၌ ဌာန်ကရိုဏ်းကျစွာဖြင့် ပီပီသသရွတ်ဆိုပါမှ ရှင်သာမဏေစစ်စစ်အဖြစ်သို့ ရောက်ရှိစေမှာဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ မြတ်စွာဘုရားရှင်လက်ထက်တွင်ရှိခဲ့သည့် သားရတနာကိုရှင်သာမဏေပြုပေးခဲ့ခြင်းကို အစပြု၍ယနေ့ထိတိုင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများက ဘိုးဘွားအစဉ်အဆက် သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်းကာ ရှင်ပြုအလှူမင်္ဂလာပွဲတော်များကို ဆင်ယင်ကျင်းပ၍ အလှူအတန်းပြု ကြပြီး အလှူပွဲတော်တွင် ဧည့်ခံဖျော်ဖြေရေးအဖြစ် မြန်မာ့ဆိုင်းဝိုင်း ၊ ဘိတ်သိတ်ဆရာ ၊ အကမင်းသမီး တို့ကိုငှားရမ်းထည့်သွင်း၍ ခမ်းခမ်းနားနားဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ကြကာ အလှူပွဲတော်လာရောက်ကြသည့် ဆွေမျိုးသားချင်းနှင့် အပေါင်းအသင်းမိတ်ဆွေ(ဧည့်ပရိသတ်) များကိုလည်း ထမင်း ၊ ဟင်း ၊ အချိုပွဲ စသဖြင့်စားသောက်ဖွယ်ရာများဖြင့် စုံလင်စွာနဲ့ တည်ခင်းဧည့်ခံကျွေးမွေးကြသည်။

ရှင်ပြုနားသအလှူမင်္ဂလာပွဲတော်၌ ရှင်လောင်းလှည့်လည်ခြင်းများ ဆင်ယင်ကျင်းပခြင်းဓလေ့သည် မြတ်စွာဘုရားရှင်လက်ထက်အခါက သီရိဓမ္မသောကမင်းကြီးသည် ညီတော်တိဿအား ရဟန်းပြုပေးရာတွင် အာသောကာရုံကျောင်းသို့သွားရာလမ်းဘေး(ဝဲ၊ယာ)များတွင် သဲဖြူခင်းရာဇမတ်ကာ တန်ဆာဆင်စေပြီး အမွှေးနံ့သာရည်များပက်ဖျန်းကာ ညီတော်ကိုလည်း မင်းခန်း ၊ မင်းနားထွက်တော်မူသကဲ့သို့ ဆင်မြန်းစေပြီး ရဲမက်ဗိုလ်ပါစစ်သည်တော်များ ခြံရံလျက် ညီတော် ရဟန်းလောင်းကို ကျောင်းတော်သို့ပို့ဆောင်စေခဲ့ခြင်းများ ပြုလုပ်တော်မူခဲ့သည်။ ဤကဲ့သို့ မြတ်စွာဘုရားရှင်လက်ထက်တော်အခါကပင် ရှင်လောင်း ၊ရဟန်းလောင်းများကို ကြီးကျယ်ခန်းနားစွာ တစ်ခမ်းတစ်နားပြုလုပ်၍ ကျောင်းတော်သို့ပို့ဆောင်ပေးခဲ့သည့် အစဉ်အလာကိုအတုယူ၍ ယနေ့ထိတိုင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများက ရှင်ပြုနားသအလှူမင်္ဂလာပွဲများ ဆင်ယင်ကျင်းပ၍ အလှူအတန်းပြုကြသည့်အခါ၌ အလှူရှင်များဖြစ်သည့် အလှူ့ဒါယိကာ ၊ အလှူဒါယိကာမများက ရှင်လောင်းလှည့်လည်ခြင်းဓလေ့ကို ရိုးရာယဉ်ကျေးမှုဓလေ့အမျိုးမျိုးဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြသည်။

ထိုသို့ အလှူမင်္ဂလာပွဲများ ကျင်းပပြုလုပ်ရာ၌ ရှင်လောင်းလှည့်လည်သည့်အခါ မောင်ရှင်လောင်းကို ရတနာဆင်များ သို့မဟုတ် မြင်းများပေါ်တွင် ရှင်လောင်းဝတ်စုံချပ်ဝတ်တန်ဆာစုံလင်စွာဝတ်ဆင်စေပြီး မောင်ရှင်လောင်းရံများ ခြံရံလျက်စီတန်းလှည့်လည်ခြင်း ၊ ထိုနည်းတူ နားထွင်းများကို ရွှေလှည်းယာဉ် ၊ ငွေလှည်းယာဉ် ၊ ပတ္တမြားလှည်းယာဉ်တို့ဖြင့် အလှတန်ဆာဆင်၍ နားထွင်းထိမ်းများ ခြံရံလျက် ရပ်ရွာတွင်းရှိ ပျိုဖြူချောလုံမငယ်များ ၊ ရာဇာဝင်း ၊ ဒေဝါဝင်း စသဖြင့်မင်းခန်းမင်းနားဖြင့် ထည့်သွင်းတန်းစီ၍ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ကျူးသည့်ရှင်လောင်းလှည့်ခြင်းဓလေ့ကို ယနေ့ထိတိုင် ရိုးရာမပျက် ဆင်နွှဲကြလျက်ရှိသည်။

တနည်းအားဖြင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးများသည် မိမိတို့၏ သားသမီးများကို ရှင်ပြုပွဲပြုလုပ်ပေးခြင်းသည် မိမိတို့ကိုးကွယ်ယုံကြည်သည့်ဗုဒ္ဓဘာသာကို သားငယ် ၊ သမီးငယ်များကို ယဉ်ကျေးသိမ်မွေ့စေရန်နှင့် ဘာသာရေးနှင့်ရင်းနှီးကျွမ်းဝင်အောင် ပြုစုပျိုးထောင်ပေးခြင်းပင်ဖြစ်သည်။ သို့ဖြစ်၍ ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေဖြင့် မိမိတို့၏သားသမီးများကို ဗုဒ္ဓအမွေကိုခံယူစေသည့် ရှင်ပြုနားသအလှူမင်္ဂလာပွဲများကိုဆင်နွှဲရာတွင် ကြီးကြယ်ခန်းနားစွာအလှူပွဲတော်များ ဆင်ယင်ကျင်းပခြင်းထက် မိမိတို့၏သားငယ်သမီးငယ်များကို လိမ္မာယဉ်ကျေးသူများဖြစ်စေဖို့နှင့် ဗုဒ္ဓဘာသာကိုတန်ဖိုးထားကိုးကွယ်ယုံကြည်ပြီး ဗုဒ္ဓဘာသာစာပေကျမ်းဂန်များကို လေ့လာသိမှတ်နိုင် အောင် ပြုစုပျိုးထောင်ပေးရန်လည်း လိုအပ်ပေသည်။

မြန်မာပြည်အနှံ့ ရှင်းပြုနားသအလှူမင်္ဂလာပွဲများကို အညာကျေးလက်ဒေသများ၌ ကောက်ပဲသီးနှံရိတ်သိမ်းပြီးစီးချိန်ဖြစ်သည့် သီတင်းကျွတ် ၊တန်ဆောင်မုန်းလမှစပြီး တပေါင်းလ ၊တန်ခူးလအထိ အများဆုံးကျင်းပလေ့ရှိကာ အလှူမင်္ဂလာပွဲများတွင်  ရှင်လောင်းလှည့်လည်သည့် ရိုးရာဓလေ့ကိုလည်း ဆင် ၊ မြင်း ၊ နွားအလှယာဉ်များကို အလှ တန်ဆာဆင်၍ ယနေ့ထိတိုင်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်မှာ မြင်ရသူတိုင်းစိတ်ကြည်နူးပီတိ ဖြစ်စေရုံသာမကဗုဒ္ဓဘာသာကို တန်ဖိုးထားထိန်းသိမ်းပြီး ယုံကြည်ကိုးကွယ်စိတ် ၊သံသရာအတွက်ဒါနမျိုးစေ့အဖြစ် အလှူအတန်းများ ပြုလုပ်စေချင်သည့် စိတ်ကိုဖြစ်စေသဖြင့် ရှင်ပြနားသအလှူမင်္ဂလာပွဲများ၏ မွန်မြတ်သော စေတနာ ဒါနမျိုးစေ့ချပွဲတော်အဖြစ် ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်းက ဘိုးဘွားစဉ်ဆက်လက်ဆင့်ကမ်းထိန်းသိမ်း၍ ဆင်နွှဲကျင်းပလျက်ရှိနေတော့သည်။           

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )