နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစိုက်ပျိုးဧကပေါင်း(၃၅၀၀)အတွက် လုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် ကျေးရွာအုပ်စုတောင်သူအစုအဖွဲ့တို့ ချေးငွေသဘောတူစာချုပ် ချုပ်ဆိုပွဲ ကျင်းပ

ကြို့ပင်ကောက် ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်နွေစပါးစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းတွင်ပါဝင်ဆောင်ရွက်သည့် တောင်သူများနှင့်လုပ်ငန်းကြီးကြပ်မှုကော်မတီတို့ ချေးငွေသဘောတူစာချုပ် ချုပ်ဆိုပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။

လုပ်ငန်းသဘောတူစာချုပ် ချုပ်ဆိုပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးက တောင်သူများနွေစပါးစိုက်ပျိုးနိုင်ရန်အတွက် နိုင်ငံတော်က ကူညီဆောင်ရွက်ပေးနေသလို့ မြို့နယ်တာဝန်ရှိသူများကလည်း လိုအပ်ချက်များကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တောင်သူများအနေဖြင့် အထွက်နှုန်းတိုးတက်ရေးကိုသာ အဓိကထား ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးမောင်မောင်ဌေးက တောင်သူများ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်စေရန်ရည်ရွယ်၍ ဤစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ကြို့ပင်ကောက်မြို့နယ်တွင် ဆည်ရေသောက်စနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ နွေစပါးစိုက်ပျိုးမည့်ဧကစုစုပေါင်း (၇၆၀၀)ဖြစ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့်  နွေစပါးစိုက်ပျိုးဧကပေါင်း(၃၅၀၀)အတွက် လုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် ကျေးရွာအုပ်စုတောင်သူအစုအဖွဲ့ ၂၄ ဖွဲ့တို့ ချေးငွေသဘောတူစာချုပ် ချုပ်ဆိုပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)