ကျွန်းလှမြို့နယ်၌ ဆောင်းအစေ့ထုတ်ပြောင်းစိုက်ခင်းအတွင်း ဖောငမြောင်တောင်ပိုး ကျရောက်မှုကာကွယ်ရေး ကွင်းဆင်းအသိပညာပေး

ကျွန်းလှ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် ၄၉၆ တောင်သူ ဦးသံချောင်း၏ ဆောင်းစေ့ထုတ်ပြောင်းစိုက်ခင်း၌ ယနေ့နံနက် ၉ နာရီက ဖောငမြောင်တောင်ပိုးကျရောက်မှုကာကွယ်ရေး ကွင်းဆင်းအသိပညာပေးခဲ့သည်။

ထိုသို့‌ ဆောင်ရွက်ရာတွင် ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောင်းစိုက်ခင်းအတွင်း Pheromone Trap ထောင်ခြင်းဖြင့် ဖောငမြောင်တောင်ပိုးကာကွယ်ခြင်း၊ ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဖြစ်သည့် တမာပိုးသတ်ဆေးနှင့်ဂျင်းငရုတ်ပိုးနှင်ဆေး အလှည့် ကျသုံးစွဲရန်လိုကြောင်း၊ ဖောငမြောင်တောင်ပိုး၏ ဘဝစက်ဝန်းအကြောင်းတို့ကို ရှင်းလင်းပြော ကြားသည်။

 “ကျွန်တော် ဒီနှစ် ဆောင်းရာသီမှာ စပါးရိတ်သိမ်းပြီး အစေ့ထုတ်ပြောင်း စီပီ (808) တစ်ဧကခွဲ ချောင်းရေတင် စိုက်ပျိုးခဲ့ပါတယ်။ အခု တစ်လခွဲသားအချိန်မှာ အောင်မြင်ဖြစ်ထွန်းနေပါတယ်” ဟု အစေ့ထုတ်ပြောင်းပျိုးသူ ဦးသံချောင်းက ပြောပြသည်။

ကျွန်းလှမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ လယ်သီးထပ်အဖြစ် အစေ့ထုတ်ပြောင်း၊ နေကြာ၊ ကုလားပဲနှင့် ဟင်းသီးဟင်းရွက်သီးနှံများ စိုက်ပျိုးကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)