ပွင့်ဖြူမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်

ပွင့်ဖြူ        ဖေဖော်ဝါရီ         ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစားခွင့်ရှိသည့် သက်ကြီးဘိုးဘွားများအား တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းကစပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တတိယ(၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ)အတွက် လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားဦးရေ စုစုပေါင်း ၉၃၆ ဦးရှိကြောင်းသိရကာ နိုင်ငံတော်အစိုးရမှ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် တစ်လလျှင် ငွေကျပ်တစ်သောင်းနှုန်းဖြင့် (၃)လတစ်ကြိမ် လူမှုရေးပင်စင်ငွေများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ လူမှုရေးပင်စင်ငွေထောက်ပံ့ငွေများကို ယမန်နေ့နံနက်ပိုင်းကစပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ  လူမှုရေးပင်စင်အကျိုးခံစားခွင့်ရှိသည့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့နိုင်ရေးအတွက်  စုစုပေါင်းငွေကျပ် ၂၈,၀၈၀,၀၀၀ ကို လွှဲပြောင်းပေးအပ်ခဲ့ရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေး ဝန်ထမ်းများက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအလိုက် သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်၍ အဘိုးအဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ငွေကျပ်သုံးသောင်းနှုန်း အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ထောက်ပံ့ငွေပေးအပ်ရန် ကျန်ရှိသည့် သက်ကြီးဘိုးဘွားများကိုလည်း အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။    

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )