လက်ပံတန်း ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် သီဟိုဠ်ကျွန်းမှ လက်ဝဲ အောက်ဓာတ်ဗုဒ္ဓမြတ်စွယ်တော်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဇီးဖြူကုန်းကျေးရွာအုပ်စု ဇီးဖြူကုန်းရွာမကျေးရွာ နိဂြောဓာရုံကျောင်းတိုက် ဗုဒ္ဓမြတ်စွယ်တော်တိုက်အတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် လက်ပံတန်းမြို့ ဘုရားငါးဆူပရိယတ္တိစာသင်တိုက်နှင့် ပေါက်တောစု ဘုန်းတော်ကြီးကျောင်းတိုက်တို့၏ ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒစရိယ မဟာဒွါရနိ ကာယ သာသနာပိုင်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဝရသာမိအရှင်သူမြတ်ထံမှ ဩဝါဒတရား နာယူပြီး ကိန်းဝပ်စံပါယ်တော်မူရာ ဂန္ဓကုဋီတိုက်တော်မှ အပူဇော်ခံ ကျောင်းဆောင်တော်ပေါ်သို့ ပင့်ဆောင်နိုင်ရေးအတွက် ဗုဒ္ဓမြတ်စွယ်တော် ဂေါပကအဖွဲ့ နာယက ဦးလှကျော်မှ စွယ်တော်ပင့်ဂါထာဖြင့် လျှောက်ထားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကျော်ဝင်းခိုင်၊ အတွင်းရေးမှူး ရဲမှူး သက်ညွန့်နှင့် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ဗုဒ္ဓမြတ်စွယ်တော်အားပင့်ဆောင်၍ လကျ်ာရစ် (၉)ကြိမ် လှည့်လည်အပူဇော်ခံပြီး အပူဇော်ခံကျောင်းဆောင် တော်ပေါ်သို့ ပင့်ဆောင်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် ပင့်ဖိတ်ထားသော သံဃာတော်အရှင်သူမြတ်တို့အား အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းပြီး ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ဗုဒ္ဓမြတ်စွယ်တော်ကို ဖေဖော်ဝါရီ ၂၅ ရက် မှ မတ်လ ၅ ရက် တပေါင်းလပြည့်နေ့ထိ (၉)ရက်တိုင်တိုင် ဖွင့်လှစ်အပူဇော်ခံ သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)