ဆော စက်တင်ဘာ ၂၉
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် ဂန့်ဂေါခရိုင်၊ဆောမြို့ လေယာဉ်ကွင်း ဟောင်းတွင် ဖွင့်လှစ်ထားသည့် ပျံကျစျေး၌ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့ နံနက် ၆ နာရီခွဲအချိန်က ဆောင်ရွက် ခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် ပျံကျစျေး၌ စျေးသည်များနှင့် စျေးဝယ်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာခြင်းရှိ/မရှိ၊ နှာခေါင်းစည်း(mask)များ စနစ်တကျတပ်ဆင်၍ ရောင်းဝယ်မှုရှိ/မရှိ၊ သတ်မှတ်အကွား အဝေး တွင် ရောင်းချဝယ်ယူခြင်းရှိ/မရှိနှင့် အသိပညာပေးခြင်းများကို မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ဦးဆောင်၍ တာဝန်ရှိသူများက လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
“ဆောမြို့ ပျံကျစျေးအတွင်း စျေးရောင်း၊စျေးဝယ်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးနိုင်ရန်အတွက် စျေးသည်တစ်ဦးနှင့်တစ်ဦး(၈)ပေကွာခြား၍ နံနက်(၆)နာရီအချိန်မှ နံနက်(၉)နာရီအချိန်ထိ အချိန်အကန့်အသတ်ဖြင့် စျေးရောင်းချခွင့်ပြုထားကြောင်းနှင့် လက် ဆေး ပြီးမှ စျေးထဲဝင်ရောက်ပြီး စျေးဝယ်ယူကြရန်နဲ့ ကိုယ်အပူချိန်တိုင်းတာ တွေပြု လုပ်ပြီး မှ စျေးထဲ ဝင် ရောက်ခွင့်ပြုတာတွေကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နေ့စဉ် ကြပ်မတ် ဆောင်ရွက် ပေးနေပါတယ်”လို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်နိုင်က ပြောကြား သည်။
ဇော်မျိုးသန့်(ဆော)