ပန်းတနော် ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အ.ထ.က (၁) မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းက တွေ့ဆုံအားပေးစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်စီစီက တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား မိမိတို့ဖြေဆိုရမည့် သက်ဆိုင်ရာ ဘာသာရပ်များအလိုက် လေ့လာကျက်မှတ်ထားကြရန်၊ နိုင်ငံပိုင်သတင်းစာများမှ ထုတ်သည့် တက္ကသိုလ်ဝင်စာမေးပွဲအတွက် လေ့လာနိုင်မည့် အကြောင်းအရာများအား ဖတ်ရှုလေ့လာ မှတ်သားထားကြရန်နှင့် ကျန်းမာရေးကိုဂရုစိုက်ကြရန် တွေ့ဆုံအားပေးစကား ပြောခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်စီစီနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးသီတာထက်တို့မှ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ငွေပေးအပ်ခဲ့သည်။ ပန်းတနော်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (၁၈) ကျောင်း၊ အ.ထ.က (ခွဲ) (၈)ကျောင်းနှင့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်း (၈) ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၈၇)ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)