ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံအားပေး၊ ကမ်းထိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပုသိမ် ဖေဖော်ဝါရီ ၂၅

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရေကြည် မြို့နယ်၊ ကမ်းနီကျေးရွာအခြေခံ ပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား တွေ့ဆုံအားပေးခြင်း အခမ်းအနားတက်ရောက်၍ ဆရာ၊ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် ရာနှုန်းပြည့် အောင်မြင်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စမှပင် တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊  တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်များမှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများမှ ဘာသာရပ်အလိုက် အခြေခံပညာ အထက်တန်းအဆင့် ဆရာ/ဆရာမများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ပေးခဲ့ပါကြောင်း၊ ရူပဗေဒ၊ ဇီဝေဗဒ၊ ဓာတုဗေဒ ဘာသာရပ်များနှင့် ပတ်သက်၍လည်း လက်တွေ့သရုပ်ပြဆွေးနွေး ပို့ချပေးခဲ့ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ အနေဖြင့်လည်း အကြိုလေ့ကျင့် စာမေးပွဲများ ဖြေဆိုကြပြီးဖြစ်၍ မိမိတို့၏ အားနည်းချက်အားသာချက်များကို သေချာဂရုပြု ပြင်ဆင်ကြရမှာ ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့ ကျောင်းသား/ ကျောင်းသူများ၏ အားနည်းသည့် ဘာသာရပ်များကို ပိုမိုအားဖြည့်ဆောင်ရွက်ပေးကြရန်၊ ရာနှုန်းပြည့် အောင်မြင်စေရေးအတွက် အောင်စိတ်မွေး၍ အစွမ်းကုန်ကြိုးစားကြစေ လိုပါကြောင်း၊ ကျန်းမာရေး ကိုလည်းအထူးဂရုပြုကြရန်၊ ကြိုးကြိုးစားစားဖြေဆိုကြ၍ ဂုဏ်ထူးပေါင်း များစွာဖြင့် ရာနှုန်းပြည့် ဖြေဆိုအောင်မြင်စေရေး အားသွန်ခွန်စိုက် ကြိုးစားကြရန် လိုပါကြောင်း" အားပေးစကားများ ပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးပသ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကွင်းလျားကျေးရွာသို့ သွားရောက်ခဲ့ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသ() ဧရာဝတီတိုင်းဒေသကြီးရုံးမှ  ၂၀၂၂-၂ဝ၂၃ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်သည့် ကွင်းလျားကျေးရွာ စာသင်ကျောင်းအနီး ကမ်းပြိုကာကွယ်ရေး တည်ဆောက်ခြင်း လုပ်ငန်းအလျား (၄၀၀) ပေ၊ ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံနှင့် ကျောက်ပြားကပ် တမံတည်ဆောက်ခြင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ မိုးမကျမီပြီးစီးစေရေး အင်တိုက်အားတိုက် ဆောင်ရွက်ရန်နှင့်  ရေရှည်ခိုင်ခံ့စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။ ထို့နောက် ကွင်းလျား အခြေခံပညာ အထက်တန်းကျောင်းခွဲသို့ သွားရောက်ခဲ့ပြီးဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိ၊ ရပ်ဖများ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံခဲ့ပြီး ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဆောင်ရွက်ထားရှိမှုများနှင့် လိုအပ်ချက်များတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ကွင်းလျား အခြေခံပညာ အထက်တန်းကျောင်းခွဲအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်ပြီး  တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ-၂၊ ဧရာဝတီတိုင်းဒေသကြီးရုံးမှ ဆောင်ရွက်သည့် ကညင်ငူကျေးရွာ ကမ်းပြိုကာကွယ်ရေးလုပ်ငန်း၊ (အလျား ၃၀၀ပေ) ဘိုးပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရှင်းလင်းဆောင်တွင် တိုင်းဒေသကြီးဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ ရေရှည်ခိုင်ခံ့စေရေးမှာ ကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)