ပွင့်ဖြူ ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၃-၂၀၂၄ ခုနှစ် နွေသီးနှံ စိုက်ပျိုးရာသီအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဖေဖော်ဝါရီ (၁၅)ရက်နေ့က စတင်ပြီး မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများ ဖြန့်ဝေပေးနေပြီဖြစ်ရာ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက နွေစပါးနှင့် အခြားနွေသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မိမိတို့၏ လယ်ယာမြေများကို ထယ်ရေးညက်အောင် ထွန်ယက်ပြုပြင်ခြင်းလုပ်ငန်းများကို စတင်ဝင်ရောက်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျွန်တော်တို့မြို့နယ်ဟာ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ဒေသခံတောင်သူတွေက စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး အဓိက စိုက်ပျိုးတဲ့သီးနှံကတော့ ဆန်စပါးကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ယခုဆိုရင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ကျွန်တော်တို့ ဒေသခံတောင်သူတွေ နွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်အောင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစပြီး တောင်မုန်းနဲ့ မြောင်းမုန်း မြောင်းမကြီးတွေကတစ်ဆင့် စိုက်ပျိုးရေ ဖြန့်ဝေပေးနေပြီဖြစ်လို့ အညာကျေးလက်ဒေသတွေမှာ တောင်သူတွေက မိမိတို့ရဲ့လယ်ယာမြေတွေကို နွေစပါး၊ နွေနှမ်းနဲ့ အခြား နွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်အောင် လယ်ယာလုပ်ငန်းသုံး ကျွဲနွား တိရစ္ဆာန်တွေနဲ့ ထယ်ရေညက်အောင် ထွန်ယက်ပြုပြင်ခြင်း၊ ပေါင်းမြက်နှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်းလုပ်ငန်းများကို စတင်ဝင်ရောက်လုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။ တစ်ချို့ လယ်ယာမြေ ထယ်ရေးထွန်ယက်ဖို့ ကျွဲနွား တိရစ္ဆာန်မရှိတဲ့ တောင်သူတွေကလဲ လယ်ယာသုံး စက်ကိရိယာများကို ငှားရမ်းပြီး လယ်ယာမြေထွန်ယက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ကြပါတယ်။ ကျွန်တော်တို့ ဒေသမှာ တောင်သူတွေ အများဆုံးစိုက်ပျိုးတဲ့ စပါးမျိုးတွေကတော့ ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ပခန်းရွှေဝါ၊ သီးထပ်ရင်၊ ချမ်းမြေ့မေ၊ ပေါ်ဆန်းရင် စတဲ့ စပါးမျိုးတွေကို အဓိကစိုက်ပျိုးကြပြီး နှမ်းသီးနှံမှာဆိုရင်လဲ စမုံနက် ၊ သိပ္ပံ နှမ်းနက်နဲ့ နှမ်းဖြူမျိုးကို အဓိကစိုက်ပျိုးကြပါတယ်" ဟု ပွင့်ဖြူမြို့နယ် ရွာခိုင်ကျေးရွာမှ ဒေသခံတောင်သူတစ်ဦးက ပြောသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါးသီးနှံ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားလာစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်အတွက် ရည်ရွယ်၍ နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းဖြင့် နွေစပါးသီးနှံဧက တစ်သောင်းခွဲ စိုက်ပျိုးထုတ်လုပ်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ဒေသခံတောင်သူများ နွေစပါးသီးနှံစိုက်ပျိုးရာ၌ အဆင်ပြေစေရန်အတွက် နွေစပါးစိုက်ပျိုးမှု တစ်ဧကလျှင် စိုက်ပျိုးစရိတ်နှင့် သွင်းအားစုပစ္စည်းဖိုး ငွေကျပ် နှစ်သိန်းနှုန်း ထောက်ပံ့ပြီး စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ မဲဇလီရေလွှဲဆည်ရေဖြင့် တစ်မြို့နယ်လုံး နွေစပါးသီးနှံစိုက်ပျိုးမှုအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းဖြင့် စိုက်ပျိုးမည့် နွေစပါးသီးနှံစိုက်ဧက ၁၅၀၀၀ အပါအဝင် စုစုပေါင်း နွေစပါး သီးနှံစိုက်ဧက ၂၉၅၄၈ ဧက စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ထို့အပြင် နွေနှမ်း ၂၇၁၉၃ ဧကနှင့် အခြား နွေသီးနှံ ၃၆၈၇ ဧက စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ရာ စုစုပေါင်း နွေသီးနှံစိုက်ဧက ၆၀၄၂၈ ဧက လျာထားစိုက်ပျိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နွေသီးနှံစိုက်ပျိုးမှုလျာထားချက်စာရင်းအရ သိရသည်။
လှိုင်ဝင်းလေး ( ပြန်/ ဆက်)