ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားရေး အားထားစိုက်ပျိုးသည့် ဆောင်းသီးနှံဖူးစားပြောင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ယနေ့အထိ ၄၂၀ ဧက ရိတ်သိမ်းပြီးစီး

ပွင့်ဖြူ ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက သီးနှံဝင်ငွေတိုးပွားစေရန်အတွက် မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေကို အမှီပြုပြီး ဆောင်းသီးနှံဖူးစားပြောင်း စိုက်ပျိုးရေးကို အားထားစိုက်ပျိုးလုပ်ကိုင်ရာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ဖူးစားပြောင်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ယနေ့အထိ ဖူးစားပြောင်းသီးနှံစိုက်ဧက ၄၂၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံဖူးစားပြောင်း စိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၁၇၈၅ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေအဆင်ပြေမှုကြောင့် ဖူးစားပြောင်းသီးနှံစိုက်ဧက ၂၀၄၈ ဧက စိုက်ပျိုးပြီးစီးခဲ့သဖြင့် သတ်မှတ်လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရကာ ဖူးစားပြောင်းသီးနှံစိုက်ပျိုးရေးကို အောက်တိုဘာလ ပထမပတ်က စတင်စိုက်ပျိုးကြပြီး ဇန်နဝါရီလဆန်းပိုင်းတွင် ပြန်လည်ရိတ်သိမ်းကြကြောင်း သိရသည်။

"ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်ပြီးတော့ ဖူးစားပြောင်းသီးနှံကို တစ်မြို့နယ်လုံး ၁၇၈၅ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ဖူးစားပြောင်းသီးနှံစိုက်ဧက ၂၀၄၈ ဧက စိုက်ပျိုးပြီးစီးခဲ့ပါတယ်။ ပွင့်ဖြူမြို့နယ်မှာ ဖူးစားပြောင်းသီးနှံစိုက်ပျိုးရေးလုပ်ငန်းဟာ အောင်မြင်ဖြစ်ထွန်းမှုရှိတာကြောင့် ဒေသခံတောင်သူတွေက သီးနှံဝင်ငွေတိုးပွားစေဖို့အတွက် နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံး စိုက်ပျိုးကြတယ်။ နောက်ပြီး ဖူးစားပြောင်းသီးနှံက ပြောင်းဖူးရောင်းရတဲ့အပြင် အပင်ကိုလည်း ကျွဲ၊ နွား တိရစ္ဆာန်အစာအဖြစ် ရောင်းချရလို့ နှစ်သီးစား ဝင်ငွေရရှိပါတယ်။ တောင်သူတွေ အားထားစိုက်ပျိုးတဲ့ ဖူးစားပြောင်းမျိုးကတော့ ရိုးရိုးသံကြားပြောင်းနှင့် ဒေသအခေါ် ပန်ရွှေသံကြား ပြောင်းမျိုးများကို အများဆုံးစိုက်ပျိုးကြတယ်။ ဖူးစားပြောင်းသီးနှံ တစ်ဧက စိုက်ပျိုးမှုအတွက် အနည်းဆုံး ကုန်ကျစရိတ် ငွေကျပ် (၃)သိန်းဝန်းကျင်ခန့်  ကုန်ကျမှုရှိပါတယ်။ ယခုဆိုရင် ဆောလျင်စွာ စိုက်ပျိုးခဲ့တဲ့ ဖူးစားပြောင်းစိုက်ခင်းတွေဟာ တောင်သူတွေ ရိတ်သိမ်းနေကြပြီဖြစ်ပြီး ယနေ့အထိ ဖူးစားပြောင်းစိုက်ဧက ၄၂၀ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧက အထွက်နှုန်းအနေနဲ့ ပြောင်းဖူးအရေအတွက် ၁၄၈၂၄ ဖူးခန့် ထွက်ရှိပါတယ်။ လက်ရှိမှာ ပြောင်းဖူးဈေးကလည်း တစ်ဖူးကို ငွေကျပ် ၂၀၀၊ ၂၅၀ ခန့် ရောင်းချနေလို့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားပြီး လုပ်ငန်းအဆင်ပြေနေကြပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်အပါအဝင် ကျေးရွာအုပ်စု (၅၆)အုပ်စု၊ ကျေးရွာပေါင်း(၂၀၅)ရွာရှိပြီး ဒေသခံပြည်သူများမှာ မဲဇလီရေလွှဲဆည်ရေနှင့် မြေအောက်ရေတို့ကို အမှီပြုပြီး တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး စိုက်ပျိုးရေအဆင်ပြေမှုကြောင့် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ သီးနှံဝင်ငွေ တိုးပွားပြီး ဒေသခံတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပြန်/ ဆက်)