ကံမမြို့နယ် ငမဲကျေးရွာတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ကံမ  ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ငမဲကျေးရွာမှ ပြည်သူများနှင့်     တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့  မွန်းတည့်(၁၂)နာရီက ငမဲကျေးရွာ ဘုန်းတော်​​​​ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာနေ ပြည်သူများတက်ရောက်ခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲလင်းထွန်း၊ အဖွဲ့ဝင်(၂) ဦးခင်ဦးနှင့်အဖွဲ့ဝင်(၃)ဦးတင်အောင်ဝင်းတို့က ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေးတို့ကိုရှင်းလင်းပြောကြားခဲ့ပြီး ဌာနဆိုင်ရာများမှ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးမှု အခြေအနေများအား ပြောကြားကြပြီး ဒေသခံပြည်သူများ၏   သိရှိလိုသည့် မေးမြန်းချက်များအား    တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။ တွေ့ဆုံပွဲသို့     တက်ရောက်လာကြသည့် ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ်ဦးစီးမှုးရုံးမှ   အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်း၊ ကျန်းမာရေးဌာနမှ  ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်၍ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း (ပြန်/ ဆက်)