ငဖဲမြို့နယ် ရင်းရှည်ရေလှောင်တမံဆည်မှ နွေစပါးသီးနှံ ၉၅ ဧက စိုက်ပျိုးနိုင်ရန်အတွက် ဆည်ရေစတင်ပေးဝေ

ငဖဲ  ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ရင်းရှည်ကျေးရွာအတွင်းရှိ ဆည်ရေသောက် တောင်သူများအနေဖြင့် ယခုနှစ်နွေရာသီတွင် နွေစပါးသီးနှံ ၉၅  ဧကစိုက်ပျိုးနိုင်ရန်အတွက် ရင်းရှည် ရေလှောင်တမံဆည်မှ ယနေ့နံနက် ၆ နာရီမှစတင်၍ ရေစတင်လွှတ်ပေးနေပြီ ဖြစ်ကြောင်းသိရသည်။

ငဖဲမြို့နယ် ရင်းရှည်ရေလှောင်တမံဆည်မှ ရင်းရှည်ကျေးရွာအုပ်စု ကွင်းအမှတ် ဘောဂကွင်းရှိ နွေစပါးစိုက်ပျိုးရန် ၉၅ ဧက ကို ယနေ့နံနက်ပိုင်းမှစ၍ ရေပေးဝေခဲ့ပြီး မန်းချောင်းရေလှောင် တမံဆည်မှ ယခုနှစ် နွေသီးနှံများစိုက်ပျိုးနိုင်ရန်အတွက် ဆည်ရေပေးဝေနိုင်ခြင်းမရှိဘဲ မင်းဆည် မှ (ငဖဲမြို့မကွင်း) ၁၀၂၂ ကွင်းတွင် နွေနှမ်းသီးနှံ ဧက ၆၀ စိုက်ပျိုးနိုင်ရန်အတွက် မန်းရွှေစက်တော် ဘုရားပွဲသို့ ရေပေးဝေရင်း နွေနှမ်းသီးနှံစိုက်ပျိုးရန် ဆည်ရေပေးဝေလျက်ရှိကြောင်း၊ ၂၀၂၂ ခုနှစ်အတွင်း မိုးရွာသွန်းမှုနည်းပါး၍ မန်းချောင်းရေလှောင်တမံအတွင်း ဆည်ရေအဝင်နည်းသောကြောင့် နွေသီးနှံများစိုက်ပျိုးရန် ရေပေးဝေနိုင်မှုမရှိကြောင်းနှင့် မင်းဘူး(စကု)မြို့နယ်အတွင်းရှိနွေသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက်လည်း အိုင်းမရေလွှဲဆည်သို့ ဆည်ရေပေးဝေနိုင်ခြင်းမရှိကြောင်း ငဖဲမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဦးကြည်စိုးထံမှ သိရသည်။

ငဖဲမြို့နယ်အနေဖြင့် ယခင်နှစ်က အစိုးရဆည်ရေ၊ဆည်ငယ်၊ ကန်ငယ်၊ မြေအောက်ရေတို့ဖြင့် နွေစပါး ၉၅၅ ဧက နှင့် နွေနှမ်း ၁၄၂၀   ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် ငဖဲမင်းဆည်မှ နွေနှမ်းသီးနှံ ဧက ၆၀ နှင့် ဆည်ငယ်၊ ကန်ငယ်၊ မြေအောက်ရေတို့ဖြင့် (၇၀၉)ဧက စုစုပေါင်း (၇၆၉)ဧကနှင့် ရင်းရှည်ရေလှောင် တမံဆည်ရေမှ နွေစပါး ၉၅ ဧက စိုက်ပျိုးနိုင်ရန် လျာထားထားပြီး ဆည်ရေပေးဝေလျက်ရှိရာ ယနေ့ထိ နွေနှမ်း (၁၀၈)ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မယု(ပြန်/ ဆက်)