မင်းဘူး ဖေဖော်ဝါရီ ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ပါဒစေတီတော်မြတ်ကြီးတွင် ဘုရားပွဲတော်ကာလ၌ အခါကြီးရက်ကြီးများနှင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် တစ်နေ့လျှင် ဘုရားဖူးပြည်သူ ၁၅၀၀ ခန့် လာရောက်ဖူးမြော်လျက်ရှိကြောင်း ရွှေစက်တော် ဂေါပကအဖွဲ့ထံမှ သိရသည်။
မန်းရွှေစက်တော် ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာ နှစ်ဆန်း ၁ ရက် နေ့အထိ ၈၃ ရက် ကြာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံ တစ်ဝှမ်းလုံး၏ ပွဲတော်များအနက် ရက်အရှည်ဆုံး ကျင်းပသည့် ပွဲတော်တစ်ခုဖြစ်သည်။ သမိုင်းဝင် တန်ခိုးကြီးဘုရားကြီး ဖြစ်သည်နှင့်အညီ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများတဖွဲဖွဲ လာရောက်ဖူးမြော်လျက် ရှိပြီး၊ အခါကြီးရက်ကြီးများနှင့် အစိုးရ ရုံးပိတ်ရက်များတွင် ဘုရားဖူးပြည်သူ ၁၅၀၀ ခန့်နှင့် ကြားရက်များတွင် ၁၀၀၀ ခန့် ဖူးမြော်လျက်ရှိကြောင်း သိရသည်။
ဘုရားပွဲတော်ကို အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိရာ ဘုရားဖူးပြည်သူများကို စိတ်အေးချမ်းစွာ ဖူးမြော်နိုင်ပြီး၊ မန်းချောင်းရေအား ကြည်ကြည်လင်လင် သန့်သန့်ရှင်းရှင်းချိုးနိုင်ရန် ဆည်မှနေ့စဉ်ရေလွှတ်ပေးလျက်ရှိခြင်း၊ ရေတားများဖြင့် ဆောင်ရွက်ထားရှိခြင်း၊ ယခုနှစ်တွင် ရိုးရိုးတည်းခိုဆောင်မှ နမ္မဒါအဆင့်မြင့် တည်းခိုခန်းများဖြင့် အဆင့်မြင့်မြင့်တည်းခိုနိုင်ပြီး ၂၄ နာရီလျှင် ဝန်ဆောင်ခ ၅၀၀၀၀ ကျပ်၊ ရေစပ်ရှိ ရိုးရိုးတည်းခိုဆောင် ၃၀၀၀၀ ကျပ်နှင့် ရေစပ်နှင့်ဝေးသည့် တည်းခိုဆောင် ၂၀၀၀၀ ကျပ်များဖြင့် တည်းခိုနိုင်ကြောင်း သိရသည်။
ထို့အပြင် အဘိုး၊အဘွားများ၊ ကျန်းမာရေး ချို့တဲ့သူများနှင့် ကလေးသူငယ်များအတွက် တောင်ခြေမှ ကိုးခန်းကြီးအထိ မှန်လုံယာဉ်ငယ် ကလေးများဖြင့် ပြေးဆွဲပို့ဆောင်ပေးလျက်ရှိပြီး ယာဉ်စီးက နှုန်းထား များမှာ တောင်ပေါ်အတက် ၁၀၀၀ ကျပ်နှင့် အဆင်း ၅၀၀ ကျပ်ဖြင့် ပို့ဆောင်ပေးလျက်ရှိသလို ဘုရားဖူး၍ မန်းချောင်းရေအေးအေးချိုးကာ ရွှေစက်တော် ပရိဝုဏ်အတွင်းမှ တောတောင်ရေမြေနှင့် စိမ်းစို သာယာလှပ သည့် သဘာဝအလှတရားများကို ကြည့်ရှုခံစားလိုရင်ဖြင့် မန်းချောင်းအပန်းဖြေ ဆင်စခန်း၊ ရွှေစက်တော် ဘေးမဲ့တောဥယျာဉ်ရှိ ကြယ်လိပ်နှင့်ရွှေသမင်များအပြင် ငှက်မျိုးစိတ်များလည်း ကြည့်ရှုလေ့လာနိုင်ကြောင်း မန်းရွှေစက်တော်ဂေါပက ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှိုင်က ပြောပြသည်။
ဇေယျာထက်(မင်းဘူး)