သာပေါင်း ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာ၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ မွန်းလွဲ ၂ နာရီဝန်ကျင်က အခြေခံပညာအထက်တန်းကျောင်း (စက်ဒေါင့်ကြီး) ရှိ မြတ်ပညာခန်းမ၌ တွေ့ဆုံ၍အားပေး စကားပြောကြားခဲ့သည်။
အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း (စက်ဒေါင့်ကြီး) ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုလွင်မှ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံ အားပေးစကားပြောကြားရာ ယခုနှစ်သည် တက္ကသိုလ်ဝင်စာမေးပွဲစနစ်ဟောင်း နောက်ဆုံးနှစ် ဖြစ်၍ ၁၀၀ ရာခိုင်နှုန်းပြည့် အောင်မြင်ရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူများ အနေဖြင့် စာမေးပွဲအောင်ရန် အောင်စိတ်မွေး ကြိုးစားရမှာဖြစ်ကြောင်း၊ စာမေးပွဲအောင်မြင်ရန် စာကို ပုံမှန်ကျက်မှတ်လေ့ကျင့်လျှင် အခက်အခဲမရှိ ဖြေဆိုနိုင်မည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးသည် စာမေးပွဲဖြေဆိုသူအများဆုံးဖြစ်သလို အောင်ချက်အများဆုံး တိုင်းဒေသကြီး လည်းဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်မှ ရှေ့ဆက်ရမယ့်ဘဝခရီးကို အောင်မြင်ချောမွေ့စွာ လျှောက်လှမ်းသွားနိုင်မှာဖြစ်ကြောင်း၊ မိဘများအနေဖြင့်လည်း ယခုတစ်နှစ်ကို ကလေးတွေ စာမေးပွဲဖြေဆိုရန် အခွင့်အရေးပေးစေလိုကြောင်း စသဖြင့်တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုလွင်က လက်ခံရယူခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လမ်းပန်း ဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား မိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တတ်ရောက်ခဲ့ကြသည်။
သာပေါင်းမြို့နယ်၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စု၊ စက်ဒေါင့်ကြီးကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း (စက်ဒေါင့်ကြီး) တွင် ၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ကျောင်းတွင်းဖြေဆို (၁၀၆) ဦး၊ ပြင်ပဖြေဆို (၃၆) ဦး၊ ပေါင်း(၁၄၂) ဦးရှိကြောင်း သိရှိရသည်။
မျိုးဇော်သိန်း