ခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်များ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ခရီးစဉ်မထွက်ခွာမီ စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်

မကွေး ဖေဖော်ဝါရီ ၂၅

ခရီးသည်များ ခရီးသွားလာရာတွင် ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ စိတ်အေးချမ်းသာယာစွာ သွားလာနိုင်ရေးနှင့် ဘေးကင်းလုံခြုံစွာ သွားလာနိုင်စေရန် ရည်ရွယ်၍ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်များအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ခရီးစဉ်မထွက်ခွာမီ စစ်ဆေးခြင်းလုပ်ငန်းများကို ယမန်နေ့ညနေ(၅)နာရီအချိန်က မကွေးမြို့၊ အဝေးပြေးယာဉ်ရပ်နား စခန်းတွင် ပူးပေါင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ခရီးသည်တင်မော်တော်ယာဉ်များအား ခရီးစဉ်မထွက်ခွာမီ ပူးပေါင်းစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင် များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များနှင့်ပုဂ္ဂလိကမော်တော်ယာဉ်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ခရီး သည်တင်မော်တော်ယာဉ်များအား စစ်ဆေးခြင်းဆောင်ရွက်ရာတွင် လုပ်ငန်းလိုင်စင်အမျိုးအစားများ၊ မော်တော်ယာဉ်များတွင် မီးသတ်ဆေးဗူး ရှိ/ မရှိစစ်ဆေးခြင်း၊ အရေးပေါ်ထွက်ပေါက်နှင့်အမိုးပေါ် Slide Door ရှိ/ မရှိ စစ်ဆေးခြင်း၊ အရေးပေါ်မှန်ခွဲသည့် ကိရိယာနှင့် ရောင်ပြန်ပြား ပါ/ မပါ စစ်ဆေးခြင်း၊ ကားတာယာကောင်း/ မကောင်းစစ်ဆေးခြင်း၊ ယာဉ်မောင်းသူများ အရက်သေစာ သောက်စားမှု ရှိ/ မရှိ စစ်ဆေးခြင်း၊ မော်တော်ယာဉ်ကြံ့ခိုင်မှု ရှိ/ မရှိ စစ်ဆေးခြင်းနှင့်ထိုင်ခုံခါးပတ် ပါ/ မပါ စစ်ဆေးခြင်းတို့အပြင် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ မော်တော်ယာဉ်များအား စနစ်သစ် ဖောင်းကြွနံပါတ် တပ်ဆင်ရေး အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။      

အဆိုပါ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်များအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ခရီးစဉ်မထွက်ခွာမီ စစ်ဆေးခြင်းလုပ်ငန်းများကို တာဝန်ရှိသူများ စုပေါင်း၍ မကွေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းတွင် တစ်လလျှင် (၂)ကြိမ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ကိုစည်သူ (ပြန်/ ဆက်)