ဘိုကလေး ဖေဖော်ဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့မဆွမ်းလောင်းအသင်း ဓမ္မာရုံကြီးတွင် ဖေဖော်ဝါရီ (၁၉)ရက်နေ့မှ (၂၃)ရက်နေ့အထိ မြို့နယ်ဆရာတော်ကြီးများ၏ ကြီးကြပ်မှုများနှင့်အတူ (၄၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သာသနပါလစာမေးပွဲ ကျင်းပပြုလုပ်ရာ ယမန်နေ့မွန်းလွဲ (၂)နာရီ၌ အဆိုပါ ဓမ္မာရုံကြီးတွင် စာအောင်ဆုနှင်းသဘင် ကျင်းပဆောင်ရွက်သည်။
အဆိုပါ စာအောင်ဆုနှင်းသဘင်သို့ မြို့နယ်ကြီးကြပ်ဆရာတော်ကြီးများ၊ စာအောင် ရှင်သာမဏေများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သာသနာ့ ဒါကာ/ မများ တက်ရောက်ကြပြီး နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဆုနှင်းသဘင်အခမ်းအနား ဖွင့်လှစ်ခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက ဆရာတော်ကြီးများထံမှ သီလခံယူ ဆောက်တည်၍ ဩဝါဒတရားတော်များ နာယူကာ စာမေးပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ပါရမီဖြည့်လှူဒါန်းခဲ့ကြသော ဒါယကာ/ မများအား တာဝန်ရှိသူများမှ ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခြင်းနှင့် စာမေးပွဲတွင် ဂုဏ်ထူးရရှင်သာမဏေများနှင့် စာအောင်ရှင်သာမဏေများအား စာအောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ယခုနှစ် ကျင်းပခဲ့သည့် (၄၃)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ သာသနပါလ စာမေးပွဲတွင် ပထမငယ်တန်း (၉)ပါး၊ ပထမလတ်တန်း (၁)ပါး၊ ဥပစာ(က)တန်း(၃၉)ပါး၊ ဥပစာ(ခ)တန်း (၂၅)ပါးနှင့် အာဂုံတန်း(၉၅)ပါး၊ စုစုပေါင်း(၁၆၉)ပါး ဝင်ရောက်ဖြေဆိုခဲ့ရာ ပထမငယ်တန်း (၆)ပါး၊ ပထမလတ်တန်း (၁)ပါး၊ ဥပစာ(က)တန်း(၃၂)ပါး၊ ဥပစာ(ခ)တန်း (၂၀)ပါးနှင့် အာဂုံတန်း(၉၂)ပါး၊ စုစုပေါင်း(၁၅၁)ပါး အောင်မြင်ကြောင်း သိရသည်။
မိုးစက်(ပြန်/ ဆက်)