ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ပဲ၊ ရိက္ခာ ထောက်ပံ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများအား လူမှုရေးပင်စင်ထောက်ပံ့

ဘားအံ ဖေဖော်ဝါရီ ၂

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးအဘိုးအဘွားများကို လူမှုရေးပင်စင် တစ်လလျှင် တစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အတွက် ထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

ထောက်ပံ့ငွေပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး လှိုင်းဘွဲမြို့နယ်ရှိ အသက် (၈၅) နှစ်နှင့်အထက် အဘိုး ၄၁၆ ဦးအဘွား ၆၃၆ ဦး၊ စုစုပေါင်း ၁၀၅၂ ဦးအတွက် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေ ၃၁,၅၆၀,၀၀၀/- (သုံးရာတစ်ဆယ်ငါးသိန်းခြောက်သောင်း) ကျပ်ကို လှိုင်းဘွဲမြို့နယ် အုပ်ချုပ်ရေးမှူးထံ ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းဘေဘီမြင့်နှင့် အဖွဲ့၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက အခမ်းအနားသို့ တက်ရောက်လာသော အဘိုးအဘွားများအား ထောက်ပံ့ငွေနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိသော အဘိုးအဘွားများအား တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိုင်ကြီးငူအထူးဒေသ နန်းဦးဘေးမဲတောရ ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော်ဘဒ္ဒန္တဉာဏိကအား ဥယျာဉ်ခြံကျောင်းစိတ္တသုခ ကျောင်းဆောင်၌ သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ငါးပါးသီလခံယူဆောက်တည်ကြကာ ထီးဖိုးကလုံး-မြိုင်ကြီးငူ-မဲသဝေါလမ်းပိုင်း ကတ္တရာလမ်းသစ်ခင်းခြင်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ် ငွေကျပ် ၈၅,၈၁၀,၀၀၀/- (ရှစ်ရာငါးဆယ်ရှစ်သိန်းတစ်သောင်း) ကျပ်၊ လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်၊ ဆီ၊ ပဲ ၊ ရိက္ခာ ၊ အဝတ်အထည်၊ သန့်စင်ခန်းသုံးပစ္စည်း၊ လေဘေးဒဏ် ကြိုတင်ပြင်ဆင်ရန် အိမ်ဆောက်ပစ္စည်းဖိုး ငွေနှင့် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို  မြိုင်ကြီးငူအေးလင်းသာယာ ကျောက်စာကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး ဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဗဟိုအကြံပေးအဖွဲ့ ဒုဗိုလ်မှူးကြီးစောကျော်ထူးတို့က ဖာပွန် မြို့နယ်မှ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု(၇၅၀)စု၊ လူဦးရေ(၃၂၃၃)ဦး၊ မြိုင်ကြီးငူအထူးဒေသရှိ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု(၄၃၂)စု၊ လူဦးရေ(၂၀၈၉)ဦး စုစုပေါင်းအိမ်ထောင်စု (၁၁၈၂)စု၊ လူဦးရေ(၅၃၂၂)ဦးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ငွေကျပ် ၈၈,၂၅၉,၀၀၀/- (ရှစ်ရာရှစ်ဆယ်နှစ်သိန်းငါးသောင်းကိုးထောင်) တန်ဖိုးရှိ ဆန် ၁၃၃၂ အိတ်၊ ဆီ ၅၉၁ ပိဿာ၊ ပဲ ၁၁၈၂ ပိဿာ၊ ကျား၊ မ အဝတ်အထည် ၃၀၀ ထည်ပါ ၁၀ ထုပ်၊ ၇၀၀ ထည်ပါ ၁၀ ထုပ်၊ ကရင်ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့မှငွေကျပ်သုံးသိန်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း မှငွေကျပ်သုံးသိန်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဒဏ် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း အတွက် ထောက်ပံငွေ ၉,၇၀၀,၀၀၀/- (ကိုးဆယ်ခုနှစ်သိန်း)၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြိုင်ကြီးငူ အထူးဒေသအတွင်းရှိ အသက် (၈၅) နှစ်နှင့် အထက် အဘိုး(၁၆)ဦး၊ အဘွား(၃၄)ဦး စုစုပေါင်း ၅၀ ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေ ၁၅၀၀၀၀၀ (တစ်ဆယ့်ငါးသိန်း)ကျပ်တို့ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)