မုံရွာ ဖေဖော်ဝါရီ ၂၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန် နေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်း ကျောင်းရုံးခန်းမတွင် စစ်ကိုင်းခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီး၊ ဆရာ/ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် နှစ်ဆုံးစာမေးပွဲဖြေဆိုနိုင်ရေး၊ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အသိ၊ အတတ်၊ အလိမ္မာ ရရှိစေမည့် သင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ လာမည့်ပညာသင်နှစ်တွင် ကျောင်းနေအရွယ်များ ရာနှုန်ပြည့်ကျောင်းနေနိုင်ရေးများနှင့် ပတ်သက်၍ ရှင်းလင်းမှာကြားခဲ့သည်။
ဆက်လက်၍ စစ်ကိုင်းခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးနှင့်ဆရာ၊ ဆရာမများက သင်ကြားရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်ချက်များအား ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပြည်သူ့ အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်သော ၂၀၂၃-ခုနှစ်၊ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှု Fitness Dance နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြများ နှင့် သင်တန်းသူများထံ ထောက်ပံ့ငွေကျပ် ၅ သိန်းအား ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများနှင့် သင်တန်းသူများအား ရင်းရင်းနှှီးနှီး လိုက်လံနှုတ်ဆက်အားပေးပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ကိုယ်ကာယ ကြံ့ခိုင်မှု Fitness Dance နည်းပြသင်တန်းသို့ တိုင်းဒေသကြီးအတွင်းရှိ ကလေး၊ ကသာ၊ ကောလင်း၊ ထီးချိုင့်၊ ပင်လည်ဘူး၊ ယင်းမာပင်၊ မုံရွာနှင့် စစ်ကိုင်း မြို့နယ်တို့မှ သင်တန်းသူ ၄၀ ဦး တက်ရောက်ကြပြီး သင်တန်းအား ရက်သတ္တပတ် ၂ ပတ်ကြာသင်ကြားသွား မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)