မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်များသည် အောင်လံမြို့ ကျောက်ပန်းတောင်း ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားတက်ရောက်

အောင်လံ ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် အစိုးရအဖွဲ့ဝင်များသည်  အောင်လံခရိုင်၊ အောင်လံမြို့ ကျောက်ပန်းတောင်းကျေးရွာ ဓာတ်အားခွဲရုံတွင် ယမန်နေ့နံနက်(၁၀)နာရီ၌ ကျင်းပပြုလုပ်သော ကျောက်ပန်းတောင်း ဓာတ်အားခွဲရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၊ မြို့တစ်မြို့၊ ကျေးရွာတစ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးတွင် လျှပ်စစ်မီးရရှိရေးသည် အလွန်အရေးကြီးကြောင်း၊ မကွေးတိုင်းအတွင်းမှာလည်း ရေအားကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (၁၉၀)မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့အသုံးပြုကာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု (၁၂၀)မဂ္ဂါဝပ်၊ နေရောင်ခြည် စွမ်းအင်ကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု(၁၀၀)မဂ္ဂါဝပ်၊ အသီးသီးထုတ်လုပ်ကာ စုစုပေါင်း (၄၁၀) မဂ္ဂါဝပ်ခန့်ကို နိုင်ငံတော်အားစနစ်သို့ ပို့လွှတ်လျက်ရှိကြောင်း၊ ဆက်လက်ပြီး နေရောင်ခြည်စွမ်းအင်ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား (၁၆၀)မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး လိုအပ်တဲ့အကူအညီများကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပံ့ပိုးပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေနဲ့ ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ကြိုးပမ်းဆောင်ရွက်လျက်ရှိသလို ပြည်သူများအနေနဲ့ လျှပ်စစ်ဓာတ်အားကို အကျိုးရှိစွာသုံးစွဲရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာမှ ဓာတ်အားခွဲရုံနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ကျောက်ပန်းတောင်းတိုက်နယ်မီးလင်းရေးဥက္ကဋ္ဌ ဦးခင်မောင်ကြည်က ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့်အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများမှ ကျောက်ပန်းတောင်းဓာတ်အားခွဲရုံ အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ ဆက်)