အုတ်တွင်းမြို့နယ် စာစစ်ဌာနလေးခုတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိ

အုတ်တွင်း ဖေဖော်ဝါရီ  ၂၄

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနလေးခုတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား ဖေဖော်ဝါရီ ၂၀ ရက်မှစတင်ကာ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်ဖြေဆိုမည့် စာစစ်ဌာနလေးခုရှိပြီး အုတ်တွင်းအထကတွင် ၁၃၅ ဦး၊ ကျွဲပွဲအထကတွင် ၁၇၁ ဦး၊ တပ်နယ်အထကတွင် ၈၅ ဦးနှင့် ထန်းကုန်း အထကတွင် ၆၄ ဦး စုစုပေါင်း ကျောင်းသား/သူ ၄၅၅ ဦး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဘာသာတွဲများအလိုက် ဝင်ရောက်ဖြေဆိုကြမည် ဖြစ်သည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/သူများအား စာစစ်ဌာနများအလိုက် ဘာသာတွဲများအား စာမေးပွဲဖြေဆိုချိန်မတိုင်မီအထိ ဖြေဆိုခွင့်ကတ်ပြားများကို ထုတ်ပေးသွားမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ယူရာ၌ ကျောင်းသား/သူများအနေဖြင့် မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ၊ ရပ်ကွက်ထောက်ခံစာမူရင်းများ ယူဆောင်လာကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အေမင်းရည်စော(ပြန်/ဆက်)