ပုသိမ် ဖေဖော်ဝါရီ ၂၄
ပုသိမ်မြို့တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက အလယ်ရွာ ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဇော်နိုင်ဦးဆောင်သော ဌာနဆိုင်ရာများက တရားဥပဒေစိုးမိုးရေး၊ သက်ငယ်မုဒိမ်းကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ဝက်၊ နွား မွေးမြူရေးခြံများအတွက် ချေးငွေရရှိရေး၊ မျိုးကောင်းမျိုးသန့် ရရှိရေး၊ မီးဘေးလုံခြုံရေးအတွက် မီးချိတ်၊ မီးကတ်၊ သဲပုံး၊ ရေပုံးများ ကြိုတင်ပြင်ဆင်ထားရှိရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကိစ္စရပ်များ၊ ငှက်ဖျားရောဂါကာကွယ်ရေးကိစ္စ၊ လျှပ်စစ်မီးလင်းရေးကိစ္စရပ်များနှင့် ပတ်သက်၍ မိမိတို့ကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များကို မေးမြန်းရာ သက်ဆိုင်ရာဌာနများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြင့်ဟန်