ပေါက်ခေါင်း ဖေဖော်ဝါရီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံမြေပဲ ၅၇၁၇ ဧကနှင့် ဆောင်းနှမ်း ၄၄၅၂ ဧကစိုက်ပျိုးရန် လျာထားခဲ့ရာ မြေပဲ ၅၇၁၉ ဧကနှင့်နှမ်း ၄၄၅၄ ဧကစိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ရာ ဖေဖော်ဝါရီလဆန်းပိုင်းကစတင်၍ အဆိုပါမြေပဲနှင့်နှမ်းများ စတင်နှုတ်သိမ်းနေပြီဖြစ်ကြောင်း သိရသည်။
"ဆောင်းသီးနှံဆီထွက်သီးနှံဖြစ်တဲ့ မြေပဲသီးနှံ (၃)ဧကစိုက်ပျိုးထားပါတယ်၊ အခြားသီးနှံတွေဖြစ်တဲ့ မတ်ပဲနဲ့နှမ်းလည်း သီးသန့်စိုက်ပျိုးထားတယ်၊ ခုနှစ်သီးနှံဈေးနှုန်းတွေကတော့ ကောင်းတယ်လို့ပြောရမှာပေါ့၊ အခြားတောင်သူတွေလည်း မြေပဲ၊ နှမ်းနဲ့နေကြာတို့ကို သီးသန့်စိုက်ပျိုးထားသလိုသီးညှပ်အနေနဲ့လည်း စိုက်ပျိုးထားပါတယ်၊ စိုက်ခင်းတွေကို ဂရုတစိုက်နဲ့ပြုပြင်တာတွေ ပိုးမွှားကျရောက်နေချိန်မှာ ပိုးသတ်ဆေးဖျန်းတာတို့ အပင်အားတိုးဆေးအသုံးပြုအသုံးပြုပေးနိုင်ရင် အထွက်နှုန်းတိုးမှာပါ "ဟု ဆောင်းသီးနှံစိုက်ပျိုးတောင်သူတစ်ဦးက ပြောကြားသည်။
ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နှမ်း(၄၄၅၂)ဧကနှင့် မြေပဲ(၅၇၁၇)ဧကစိုက်ပျိုးရန် လျာထားခဲ့ရာမှ ယခုနှစ်တွင် လျာထားချက်ထက်ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရပြီး၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့အထိနှမ်း ၂၄၅၁ ဧက၊ မြေပဲ ၁၇၂၀ ဧကနှင့်မတ်ပဲ ၈၉၅ ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်းနှင့် တောင်သူများအတွက် ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရရှိစိုက်ပျိုးနိုင်ရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေး၊ ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲနိုင်ရေးစသည့် စိုက်ပျိုးရေးဆိုင်ရာများကို စိုက်ပျိုးရေးဦးစီးဌာန ကွင်းဝန်ထမ်းများက နည်းပညာပေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ ဆက်)