မြိတ်မြို့တွင် အစိုးရဓမ္မာစရိယ၊ နိကာယ်(၅)ရပ်နှင့် ပါဠိပထမပြန်စာမေးပွဲ စူဠဆုနှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

မြိတ် ဖေဖော်ဝါရီ ၂၄

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂ဝ၂၂-ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ နိကာယ်(၅)ရပ်နှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် မြိတ်စာဖြေဌာနမှအောင်မြင်ခဲ့သည့် စာအောင်သံဃာနှင့် သီလရှင်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုငွေဆက်ကပ်လှူဒါန်းခြင်း စူဠဆုနှင်းသဘင်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က မြို့ကျက်သရေဆောင်လေးကျွန်းဆီမီးစေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်၌ ကျင်းပသည်။

၂ဝ၂၂-ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ နိကာယ်(၅)ရပ်နှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် မြိတ်စာဖြေဌာနမှ ဝင်ရောက်ဖြေဆိုခဲ့ကြသော သံဃာတော်နှင့် သီလရှင်များတွင် ဓမ္မာစရိယတန်း(၁)ပါး၊ နိကာယ်တန်း(၂)ပါး၊ ပထမလတ်တန်း(၄)ပါး၊ ပထမငယ်တန်း(၆)ပါး၊ အခြေပြုမူလတန်း(၆၆)ပါး စုစုပေါင်း(၇၉)ပါး အောင်မြင်တော်မူခဲ့ကြကြောင်း ခရိုင်သာသနာရေးဦးစီးဌာနမှ သိရသည်။

စူဠဆုနှင်းသဘင်ကို ဆရာတော် သံဃာတော်များနှင့် ဧည့်ပရိသတ်အပေါင်း နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး ဧည့်ပရိသတ်အပေါင်းတို့က နိုင်ငံတော်သြဝါဒါစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က သာသနာရေးဆိုင်ရာများလျှောက် ထားသည်။

ဆက်လက်၍ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္တုပစ္စည်းများ၊ စာချဆရာတော်နှင့်သီလရှင်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြ၍ စာအောင်သံဃာတော်နှင့် သီလရှင်များအား စာအောင်လက်မှတ်နှင့် စာအောင်ဆုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ  အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ နာရဒ မော်တောင်ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ယင်းနောက် စူဠဆုနှင်းသဘင်ကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ စေတနာရှင် အလှူရှင်များက ဘုရားအမှူးရှိသော ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် သီလရှင်စုစုပေါင်း(၈၉)ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများလောင်းလှူပူဇော်ခဲ့ကြပြီး လှူဒါန်းခဲ့ကြသည့် စုစုပေါင်းတန်ဖိုးမှာ (၁၉၁,၆၆,၄၅၈)ကျပ်ရှိကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။

ခိုင်ထူး