ငပုတော ဖေဖော်ဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအချို့ရှိ ဒေသခံတောင်သူများသည် တစ်နိုင်တစ်ပိုင် ဒေသထွက် ဓနိဖက်ထိုးခြင်း လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိကြောင်း သိရသည်။
ငပုတောမြို့နယ်တွင် မိုးရာသီကာလတွင် ဝါးဓနိနှင့် ဆောက်လုပ်သည့် နေအိမ်များတွင်၊ တောင်ယာတဲများ၊ အမိုးအကာနှင့် မွေးမြူရေးခြံများ ပြန်လည်ပြုလုပ် ဆောင်ရွက်နိုင်ရန်အတွက် ဓနိဖက်ထိုးခြင်းလုပ်ငန်းကို ဖေဖော်ဝါရီလတွင် စတင်လုပ်ကိုင်ကြောင်း၊ ယခုအချိန်တွင် ဓနိခုတ်သူများ၊ ဓနိထိုးသူများ၊ လက်လုပ်လက်စားသမားများအတွက် အဆင်ပြေကြောင်း၊ ခုတ်ပြီးသားဓနိများကို မိမိတို့နေအိမ်များသို့ ယူဆောင်၍ မိသားစု စုပေါင်းဓနိထိုးခြင်း လုပ်ကိုင်ဆောင်ရွက်ကာ မိသားစုအလိုက် လုပ်အားခ ဝင်ငွေရရှိကြောင်း၊ ယခင်နှစ်တွင် ဓနိဖက် တစ်ရာလျှင် ငွေကျပ် တစ်သောင်းသာရရှိပြီး ယခုနှစ်တွင် ငွေကျပ် တစ်သောင်းငါးထောင်မှ တစ်သောင်းရှစ်ထောင်အထိ ရရှိသောကြောင့် မိသားစုဝင်ငွေအပိုရရှိကာ အဆင်ပြေလျက်ရှိကြောင်း ဓနိဖက်လုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံတစ်ဦးထံမှ သိရသည်။
အောင်သူ(ပြန်/ဆက်)