ငဖဲ ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့မရပ်ကွက် ချင်းစုရပ်မှ တောင်သူများအနေဖြင့် မြို့၏ အရှေ့ဘက်ရှိ လယ်မြေ၊ ကိုင်းမြေများနှင့် မန်းချောင်းဘေးတွင် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းနှင့်အတူ မြေအောက်ရေနှင့် မန်းချောင်းရေတို့ကို အသုံးပြု၍ ပန်ဖူးစားပြောင်းများကို စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းသော်လည်း စိုက်ပျိုးစရိတ်ကြီးမြင့်မှုနှင့် ကျေးငှက်များ လာရောက်စားသောက်ကြသောကြောင့် အမြတ်အစွန်းအနည်းငယ်သာ ကျန်ရှိကြောင်း ပြောင်းစိုက်တောင်သူ ဦးထွန်းထွန်းလေးထံမှ သိရသည်။
စိုက်ပျိုးသော ပြောင်းမျိုးမှာ ပါဖယ်ဝှိုက်မျိုးဖြစ်ပြီး ပြောင်းဖူးစေ့ ၅၀ ဂရမ် တစ်ထုတ်ကို ငွေကျပ် ၂၄၀၀၀ ပေးရကြောင်း၊ ကြားကြောင်းဆွဲပြီး အစေ့ချစနစ်ဖြင့် ပင်တန်းကြား ၂ ပေခွဲ၊ အပင်ကြား ၁၂ လက်မအကွာ ကြားချပြီး စိုက်ပျိုးကြောင်း၊ အပင်ရက်သား ၂၀ တွင် ဘောင်လုပ်၊ ရေသွင်း၊ အပင်သန်အောင် မြေဩဇာကျွေးခြင်း၊ ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးရကြောင်း၊ ဒီဇင်ဘာလဆန်းပိုင်းမှာ စတင်စိုက်ပျိုးပြီး ၂ လခွဲတွင် ခူးချိုး ရောင်းချကြောင်း၊ နေပူရှိန်များလာ၍ ပြောင်းခင်းများအား တစ်ရက်ခြား မြေအောက်ရေသွင်း စိုက်ပျိုးရကာ ဓါတ်ဆီဖိုး ကုန်ကျစရိတ်များကြောင်း၊ ဓါတ်မြေဩဇာဖိုးစရိတ်များ ကြီးမြင့်၍ စိုက်ပျိုးစရိတ်များ လာသောကြောင့် အမြတ်အစွန်း အနည်းငယ်သာ ကျန်ရှိကြောင်း၊ မိမိ၏ ကိုင်းမြေ တစ်ဧကတွင် ပြောင်းအပင်ပေါင်း တစ်သောင်းကျော် စိုက်ပျိုးထားပြီး နှစ်ပတ်လည်အနေဖြင့် နှစ်ကြိမ်စိုက်ပျိုးကြောင်း၊ ယခု အခင်းတွင် နေ့အခါ ကျေးငှက်များနှင့် ညငှက်များ လာရောက်စားသောက်ကြ၍ ပြောင်းဖူးများ ပျက်စီးမှုရှိကြောင်း၊ ပြောင်းဖူးတစ်ဖူးလျှင် ငွေကျပ် ၃၅၀ တစ်ထောင်ဖိုး ၃ ဖူးနှုန်း၊ ပြောင်းဖူးပြုတ်တစ်ဖူးလျှင် ငွေကျပ် ၄၀၀ နှုန်း ရောင်းချရပြီး နေ့စဉ် ငွေကျပ် သုံးသောင်းဖိုးခန့် ရောင်းချရကြောင်း၊ ပန်ဖူးစားပြောင်းများ ခူးချိုးပြီး ခုတ်ပြီးသား ပြောင်းပင်များကို နွားစာအတွက် တစ်ဧက အခင်းပြတ် ငွေကျပ် ၃၀၀၀၀ ရောင်းရကြောင်းနှင့် မိသားစု အပိုဝင်ငွေရရှိရန်အတွက် ရာသီအလိုက် ပန်ဖူးစားပြောင်း စိုက်ပျိုးရောင်းချလျက်ရှိကြောင်း ချင်းစုရပ်ကွက်မှ ပြောင်းစိုက်တောင်သူ ဦးထွန်းထွန်းလေးက ပြောကြားသည်။
မယု(ငဖဲ)