ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတွင် နွေရာသီကျောင်းပိတ်ရက် အခြေခံအားကစား နည်း(၅)မျိုး ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်

ငဖဲ ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်ရန်၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်စေရန်နှင့် နိုင်ငံကိုယ်စားပြုထူးချွန်ထက်မြက်သော အားကစားသမားများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အခြေခံအားကစားနည်း(၅)မျိုးကို မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနရုံးဝန်းအတွင်း မြို့နယ်အားကစားကွင်း၌ မတ်လဆန်းတွင် သင်တန်းဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငဖဲမြို့နယ်အနေဖြင့် အားကစားနည်းအမျိုးမျိုးတွင် မြန်မာ့လက်ရွေးစင်အားကစားသမားအဖြစ် မြှားပစ်ပြိုင်ပွဲ၊ တိုင်းလက်ရွေးစင်အားကစားသမားများအဖြစ် ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ကိုယ်ကာယ ကြံ့ခိုင်၊ စစ်တုရင်၊ ဘောလုံး၊ စက်ဘီးအားကစားနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများတွင် အားကစားသမားများ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ နှစ်စဉ်နှစ်တိုင်းလက်ရွေးစင်အားကစားသမားများပေါ်ထွန်း လာရေးအတွက် နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံဒေါ်သင်းသင်းအေးက ပြောကြားသည်။

ငဖဲမြို့နယ်မှ နွေရာသီအားကစားသင်တန်းကို အားကစားနည်း(၅)မျိုးဖွင့်လှစ်သင်ကြားပေးသွားရန် ရည်ရွယ်ထားပြီး ပြေးခုန်ပစ်၊ ဘောလုံး၊ ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း၊ စစ်တုရင် စသည့်အားကစားနည်းများကို သင်တန်းဖွင့်လှစ်သင်ကြားပေးရမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတွင် စာရင်းပေးသွင်းတက်ရောက်နိုင်ကြောင်း သိရသည်။

မယု(ငဖဲ)