ပွင့်ဖြူမြို့နယ်၌ လယ်ယာမြေဧက ၃၀၀၀ ကျော်အတွက် အကျိုးပြုမည့် အင်းမ၊ အင်းဝ ရေထုတ်ရိုးချောင်းအား တူးဖော်ဆောင်ရွက်

ပွင့်ဖြူ  ဖေဖော်ဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ်နှင့် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စိုက်ပျိုးလယ်ယာမြေဧက ၃၀၀၀ ကျော်အတွက် အကျိုးပြုမည့် အင်းမ၊ အင်းဝရေထုတ်ရိုးချောင်းအား တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် သီးနှံစိုက်ပျိုး လယ်မြေများအတွက် ရေနစ်မြုပ်မှုအန္တရာယ် ကင်းဝေးစေရန် အသစ်ပြန်လည်တူးဖော်ဆောင်ရွက် ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ အင်းမ၊ အင်းဝ ရေထုတ်ရိုးချောင်းသည် အရှည်ပေ ၂၂၅၀၀ ခန့်ရှိပြီး ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာ၊ ခုံစုကျေးရွာနှင့် မင်းဘူး(စကု)မြို့နယ်ရှိ သနပ်ပင်စုကျေးရွာကြားတွင် တည်ရှိကာ ယခုအခါ သဘာဝဘေးဒဏ်ကြောင့် ရိုးချောင်းတိမ်ကောမှုများဖြစ်လာသဖြင့် ရေစီးဆင်းမှုကောင်းမွန်ခြင်းမရှိ၍ နှစ်စဉ် မိုးတွင်းကာလများ၌ စိုက်ပျိုးလယ်မြေ ဧက ၃၀၀၀ ကျော်ခန့်ကို ရေနစ်မြုပ်ပျက်စီးမှုများ ကြုံတွေ့နေရကြောင်း သိရသည်။ ယခုနှစ်တွင် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၆၅ သန်းဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်ပြီး ဒေသခံတောင်သူများ၏ သီးနှံစိုက်ပျိုးလယ်မြေများ ရေနစ်မြုပ်မှုအန္တရာယ်ကင်းဝေးစေရေး အင်းမ၊ အင်းဝ ရေထုတ်ရိုးချောင်းအား ရေစီးဆင်းမှုကောင်းမွန် စေရန် (ပျမ်းမျှ) ရေထုတ်ရိုးမြောင်းအကျယ် ၅ ပေနှင့် ရေထုတ်ရိုးဘောင်အမြင့် ၅ ပေ ရေထုတ်ရိုး ချောင်းအဖြစ် စက်ယန္တရားများဖြင့် ပြန်လည်တူးဖော် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။ ယင်း ရေထုတ်ရိုးချောင်း တူးဖော်ခြင်းလုပ်ငန်းကို မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးရဲထွဋ်အောင်၏ ကြီးကြပ်မှုဖြင့် တာဝန်ခံအင်ဂျင်နီယာများက သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ရေထုတ်ရိုးချောင်းတစ်လျှောက် ရေစီးမှုကောင်းမွန်စေရန်နှင့် ရိုးဘောင်အား ရေတိုက်စားမှုအန္တရာယ်ကင်းဝေးစေရန် လိုအပ်သောနေရာများတွင် ရိုးဘောင်အတွင်း (၁၀)လက်မ အရွယ်အစား PVC ပိုက်များမြုပ်၍ ရိုးအတွင်းသို့ ရေပိုထုတ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအခါ ရေထုတ်ရိုးချောင်း တူးဖော်ခြင်းလုပ်ငန်းမှာ ၄၀ ရာခိုင် နှုန်းခန့် တူးဖော်ဆောင်ရွက်ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေထုတ်ရိုးချောင်း တူးဖော်ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ်နှင့် မင်းဘူး(စကု) မြို့နယ်အတွင်းရှိ ကျေးရွာ(၃)ရွာမှ ဒေသခံတောင်သူများ၏ သီးနှံစိုက်ပျိုးလယ်မြေဧက ၃၀၀၀ ကျော်အတွက် မိုးရာသီကာလ နှစ်စဉ်ကြုံတွေ့နေရသည့် ရေနစ်မြုပ်မှုအန္တရာယ်မှ ကင်းဝေးစေမည့် အပြင် ရေသွင်းရေထုတ်စနစ်မှန်ကန်၍ သီးနှံစိုက်ခင်းများ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ မျှတစွာ ရရှိစေမည်ဖြစ်၍ သီးနှံအထွက်နှုန်းများ တိုးတက်ကောင်းမွန်လာစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးရဲထွဋ်အောင် ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )