ဟုမ္မလင်း၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (ယိုမျိုးစုံ)​သင်တန်းဆင်းပွဲ ကျင်းပ 

ဟုမ္မလင်း ဖေဖော်ဝါရီ ၂၄

ဟုမ္မလင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၂-၂၀၂၃၊ ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း (ယိုမျိုးစုံ) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ဟုမ္မလင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးသိန်းဇော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဟန်မင်းဆွေက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေပြီး၊ မိသားစုဝင်ငွေများ တိုးပွားစေနိုင်မည်ဖြစ်ကြောင်း သင်တန်းဆင်းပွဲတွင် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး၊ သင်တန်းတွင် ပညာသင်ကြားပေးသော ဆရာမဒေါ်ခင်ထွေးမြင့်အား ဂုဏ်ပြုဆုငွေများချီးမြှင့်ခြင်း​နှင့် သင်တန်းဆင်း ဂုဏ်ပြုမှတ်လွာများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဟန်မင်းဆွေနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ (ယိုမျိုးစုံ)သင်တန်းကို သင်တန်းသူ (၁၀)ဦး တက်ရောက်ခဲ့​ကြပြီး၊ သင်တန်းကာလမှာ ဖေဖော်ဝါရီ(၁၅)ရက်နေ့မှ (၂၄)ရက်နေ့ အထိစာတွေ့/လက်တွေ့ သင်ကြားခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးဟန်မင်းဆွေနှင့် ရုံးဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သင်တန်းသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)