ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား အိမ်တိုင်ရာရောက်လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်

ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၂၄

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ရုံးမှ မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအား ယနေ့နံနက် ၉ နာရီအချိန်က အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံ ဒေါ်ဂျူးလဲ့မွန်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးများက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ အလိုက် အသက် (၈၅) နှစ်နှင့်အထက် အဘိုးအဘွားများအား လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တတိယ (၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)သုံးလအတွက် တစ်လလျှင် ထောက်ပံ့ငွေကျပ် (၁၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း(၃)လအတွက် အဘိုးအဘွားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ဆင်ပေါင်ဝဲမြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ခံ ဒေါ်ဂျူးလဲ့မွန်ထံက သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)