လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပ

လှိုင်းဘွဲ ဖေဖော်ဝါရီ  ၂၄

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ်အတွက် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေ ပေးအပ်ခြင်း  အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့၊   ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအသင်းဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးစောမြင့်ဦးက နိုင်ငံတော်အနေဖြင့်   အသက်(၈၅)နှစ်နှင့် အထက် အဘိုးအဘွားများအား လူမှုရေးပင်စင်‌ထောက်ပံငွေများကို ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းပြပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လှိုင်းဘွဲမြို့နယ်အတွင်းရှိ   အသက်(၈၅)နှစ်နှင့်အထက် အဘိုး(၄၁၆)ဦး၊ အဘွား(၆၃၆)ဦး၊ စုစုပေါင်း(၁၀၅၂)ဦးတို့အတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် သုံးရာတစ်ဆယ့်ငါးသိန်းခြောက်သောင်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းထံ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တက်ရောက်လာကြသော အဘိုး၊အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများနှင့် လက်ဆောင်ပစ္စည်းတို့ကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

လင်းသန့်(ပြန်/ဆက်)