ဘားအံခရိုင်တွင် မဲရုံပေါင်း ၅၀၁ ရုံဖြင့် ရွေးကောက်ပွဲ ကျင်းပရန် လျာထား

ဘားအံ၊ စက်တင်ဘာ ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်အတွင်း ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲကို မဲရုံပေါင်း ၅၀၁ ရုံဖြင့်ကျင်းပသွားရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ဘားအံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဘားအံခရိုင်တွင် တစ်သီးပုဂ္ဂလ ၁၀ ဦးအပါအဝင် နိုင်ငံရေးပါတီ ၁၁ ပါတီက ကိုယ်စားလှယ်လောင်းစုစုပေါင်း ၉၂ ဝင်ရောက်အရွေးချယ်ခံယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့ထိ ပထမအကြိမ်ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းအရ မဲဆန္ဒရှင်ဦးရေ ခြောက်သိန်းငါးသောင်းရှစ်ထောင်ကျော်ရှိရာမှ ပုံစံ(၃)၊ (၃-က)၊ (၄)၊ (၄-ဂ)တို့ဖြင့် ပြင်ဆင်ဖြည့်စွက်စိစစ်ပြီး ဒုတိယအကြိမ်ထုတ်ပြန်မည့်မဲစာရင်းတွင် မဲဆန္ဒရှင်ဦးရေခြောက်သိန်းခြောက် သောင်းတစ်ထောင်ကျော်ရှိလာခဲ့ရာ ပြင်ဆင်ဖြည့်စွက်မှုပေါင်း သုံးထောင်ငါးရာကျော်ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ် အခြေခံမဲဆန္ဒရှင်စာရင်းကို ယခုလကုန်ပိုင်းတွင် သက်ဆိုင်ရာ  ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာပေးသွားမည်ဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့်လည်း မဲဆန္ဒရှင်စာရင်းများကို ကြည့်ရှု့နိုင်မည်ဖြစ်ကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် ဒုတိယအကြိမ်မဲစာရင်းတွင် အမည်ပါရှိခြင်းမရှိပါက သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများမှတစ်ဆင့် မဲစာရင်းကပ်ထားကြေညာသည့် ၁၄ ရက်အတွင်း တောင်းဆိုနိုင်ကြောင်း ဘားအံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဘားအံခရိုင်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ပထမအကြိမ်မဲပေးမည့် First Time Volter  အရေအတွက်အားဖြင့် ဘားအံမြို့နယ်တွင် ၄၁၃၅၃ ဦး၊ လှိုင်းဘွဲမြို့နယ်တွင် ၂၈၀၀၂ ဦး၊ သံတောင်ကြီးမြို့နယ်တွင် ၆၇၀၂ ဦး၊ စုစုပေါင်း ၇၆၀၅၇ ဦး ရှိပြီး “ ပုံမှန်အနေအထားအရဆိုရင်တော့ ကျွန်တော်တို့ လူမှုအဖွဲ့အစည်းတွေနဲ့ထိတွေ့ပြီးတော့ မဲဆန္ဒရှင်ပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်ရမယ့်အချိန်ပေါ့နော်၊ အခုကတော့ ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကျွန်တော်တို့က လူလူချင်းထိတွေ့ပြီးမလုပ်နိုင်တဲ့အခါကျတော့ အွန်လိုင်းကနေပြီးတော့ မဲဆန္ဒရှင်အသိပညာပေးကိစ္စတွေကို ဆောင်ရွက်လျက်ရှိပါတယ်၊ ၂၀၂၀ ရွေးကောက်ပွဲကလည်း ကျင်းပဖို့သိပ်ပြီးမလိုတော့ဘူး၊ တစ်လကျော်ကျော်လောက်ဘဲလိုတော့တဲ့အနေ အထားဖြစ်ပါတယ်၊ အခုချိန်အတွင်းမှာလည်း ကိုဗစ်−၁၉ ကပ်ရောဂါက ပြည်တွင်းကူးစက်မှုနှုန်းတွေ မြှင့်တက်နေတယ်ပေါ့နော်၊ ကျွန်တော်တို့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့အတွက်ဆိုရင်တော့ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူအားလုံးအနေနဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များနဲ့အညီ ပူးပေါင်းဆောင်ရွက်ပေးကြပါ”  ဟု ဘားအံရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးကျော်ကျော်ထွန်း ပြောသည်။

ဘားအံခရိုင်တွင် သက်ကြီးရွယ်အိုများ၊ ရောဂါဝေဒနာခံစားနေရ၍ အိပ်ယာထဲလဲနေသူများအပါအဝင် မသန်စွမ်း မဲဆန္ဒရှင်များအနေဖြင့် ဘားအံမြို့နယ်တွင် ၄၀၇ ဦး၊ လှိုင်းဘွဲမြို့နယ်တွင် ၄၁၅ ဦး၊ သံတောင်ကြီးမြို့နယ်တွင် ၃၅၅ ဦး စုစုပေါင်း ၁၁၇၇ ဦးရှိပြီး ဘားအံရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးကျော်ကျော်ထွန်းက“ မသန်စွမ်းမဲဆန္ဒရှင်တွေ လွယ်ကူအဆင်ပြေစွာဆန္ဒမဲပေးနိုင်ဖို့ မဲရုံတွေကို အထပ်မြင့်အဆောက်အဦတွေမှာ လျာထားခြင်းမရှိဘဲနဲ့ သွားလို့ လာလို့လွယ်ကူတဲ့ မြေညီထပ်လိုနေရာမျိုးမှာဘဲ မဲရုံတွေကို လျာထားဆောင်ရွက်ထားပါတယ်၊ မသန်စွမ်းမဲဆန္ဒရှင်တွေ မဲရုံကိုလာရောက်မဲပေးမယ်ဆိုရင်လည်း ကူညီဆောင်ရွက်ပေးဖို့ မဲရုံအဖွဲ့ဝင်တွေကို ကျွန်တော်တို့ မှာကြားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ မဲရုံကိုမလာရောက်နိုင်တဲ့မသန်စွမ်းတွေအတွက်လည်း ကြိုတင်မဲစနစ်နဲ့ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟုပြောသည်။

ဘားအံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် လွတ်လပ်ပြီးတရားမျှတသည့် ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမို ကရေစီအ‌ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ များကို ကိုဗစ် ၁၉ စည်းကမ်းချက်များနှင့်အညီ ရွေးကောက်ပွဲဆိုင်ရာသင်တန်းများ ပို့ချပြီးစီးခဲ့ပြီး ယခုအချိန်တွင် မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့်စာအိတ်များ ပေးပို့နိုင်ရေးဆောင်ရွက်လျက်ရှိ ကြောင်းနှင့် ရွေးကောက်ပွဲနေ့တွင်သတင်းရယူမည့် သတင်းမီဒီယာများအား စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)