စစ်ကိုင်းမြို့တွင် ရပ်ကွက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု သင်တန်းဖွင့်လှစ်ပေး

စစ်ကိုင်း ဖေဖော်ဝါရီ ၂၄

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးတက်စေရန်အတွက် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှု နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက အဆိုပါရုံးတွင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက အသေးစား စက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း၊ ကျေးလက်ဒေသထွက် ကုန်ကြမ်းများအပေါ် အခြေခံသည့် အသေးစား စက်မှုလက်မှု လုပ်ငန်းများနှင့် မြန်မာ့ရိုးရာ ယွန်း၊ ရက်ကန်း၊ ပန်း(၁၀)မျိုးအပါအဝင် အသက်မွေးဝမ်း ကြောင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တီထွင်ဆန်းသစ်နိုင်ရေး အားပေးကူညီရန်ဖြစ်ကြောင်း၊ သင်တန်းမှရရှိသည့် ပညာများကို မိမိတို့ရဲ့အသက်မွေးဝမ်းကြောင်း လုပ်ငန်းများဖြင့် မိသားစုဝင်ငွေ တိုးတက်အောင် လက်တွေ့ဆောင်ရွက်သွားကြပါလို့ ပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိက သင်တန်း ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်း ဆွေးနွေးပေးကာ သင်တန်းကို (၅)ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမှာ ဖြစ်ပြီးသင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက် ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင်