လေးမျက်နှာ ဖေဖော်ဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အမှတ်(၁)ရပ်ကွက် ဓမ္မဗိမ္မာန် (၂)ထပ်ဓမ္မာရုံတွင် ယနေ့နေ့လည်ပိုင်း၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဩဝါဒါစရိယ ဒက္ခိဏာရုံကျောင်းတိုက်(ပရဟိတ)ဆရာတော်နှင့် မြို့နယ် သံဃနာယက အကျိူးတော်ဆောင်ဆရာတော်တို့မှ ပထမပြန်စာမေးပွဲသည် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့နှင့် နိုင်ငံတော်အစိုးရမှ ဆရာ၊ ဒကာညီညွှတ်စွာဖြင့် သာသနာ (၃)ရပ်ဖြစ်သော ပရိယတ္တိ၊ ပရိပတ္တိ၊ ပရိဝေဒသာသနာတွင် သာသနာ၏ အဓိက ရေသောက်မြစ်ဖြစ်သည့် ပရိယတ္တိသာသနာ ထွန်းလင်းတောက်ပရေး သာသနာ့အာဇာနည်များ ပေါ်ပေါက်ရေးဆောင်ရွက်သည့် စာမေးပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း ဩဝါဒစကားချီးမြှင့်ပေးခဲ့သည်။ ထို့နောက် လေးမျက်နှာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒုတိယမြို့နယ်အုပ်ချူပ်ရေးမှူး ဦးကျော်သူရစိုးတို့မှ စာမေးပွဲနှင့် ပတ်သက်၍ လျှောက်ထားတင်ပြခဲ့ပြီး ပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး စီမံခန့်ခွဲရေး အကျိုးတော်ဆောင်ဥက္ကဋ္ဌဦးကြည်ဝင်းမှ ပါဠိပထမပြန်စာမေးပွဲ လုပ်ငန်း အကျိုးတော်ဆောင်အဖွဲ့အသီးသီးအား ဖွဲ့စည်းပေးကာ အကျိုးတော်ဆောင်များ၏ လုပ်ငန်း တာဝန်များအား ရှင်းလင်းတင်ပြ၍ စာမေးပွဲကျင်းပပြီးစီးသည်အထိ လုပ်ငန်းစဉ်များ၌ ကုန်ကျမည့် စရိတ်များကို အကြမ်းအားဖြင့် တင်ပြခဲ့သည်။
ထို့နောက် ဆရာတော်သံဃာတော်များနှင့် တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်များ ချမှတ်ကာ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။ ပါဠိပထမပြန် စာမေးပွဲကို တန်ခူး လဆန်း(၈)ရက် (၂၈.၃.၂၀၂၃) အင်္ဂါနေ့မှစတင်၍ တန်ခူးလဆန်း(၁၄)ရက် (၃.၄.၂၀၂၃) တနင်္လာနေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး လေးမျက်နှာစာဖြေဌာနတွင် ပထမကြီးတန်း (၇)ပါး၊ ပထမလတ်တန်း (၅)ပါး၊ ပထမငယ်တန်း(၂၆)ပါး၊ အစိုးရမူလတန်း(၃၂)ပါးနှင့် မူ(က-ခ) (၄၇)ပါး စုစုပေါင်း(၁၁၇)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)