စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့၌ Ajinomoto ဟင်းခတ်မှုန့်အတုများ ရောင်းချမှု ရှိ/မရှိ ရှောင်တခင်စစ်ဆေး

ကသာ    စက်တင်ဘာ   ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကသာမြို့၌ အစားအသောက်နှင့် ဆေးဝါး ကွတ်ကဲ ရေး ဦးစီးဌာန(FDA) မှ ဦးဆောင်၍ စားသုံးရန်မသင့်သော Ajinomoto ဟင်းခတ်မှုန့် အတုများ ရောင်းချမှု ရှိ/မရှိကို ယနေ့ နံနက် (၉) နာရီ အချိန်မှ စတင်ကာ ကသာမြို့ သီရိခေမာဈေး၊ မြို့မဈေး နှင့် A1 Mini Mark  များတွင် ရှောင်တခင် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်နှင့် ဆေးဝါး ကွတ်ကဲရေး ဦးစီး ဌာန(FDA)၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ် ရဲတပ်ဖွဲ့ နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း ၍ ကသာမြို့ သီရိခေမာဈေး၊ မြို့မဈေး အတွင်းရှိ ကုန်စုံ ဆိုင်များ နှင့် A1 Mini Mark  တို့၌ ရောင်းချလျက်ရှိ Ajinomoto ဟင်းခတ်မှုန့် များအား ရှောင်တခင် စစ်ဆေး ခဲ့ပြီး Ajinomoto ဟင်းခတ်မှုန့် ထုပ်အစစ်သည် ကျောဘက်တွင် မြန်မာစာ ပါရှိပြီး FDA ထောက်ခံ ချက်ပါရှိ ကြောင်း နှင့် Ajinomoto ဟင်းခတ်မှုန့် ထုပ် အတုသည် အရှေ့ အနောက် အင်္ဂလိပ်စာ သာပါရှိကြောင်း အသိပညာပေး ရှင်းလင်းပြောကြားပြီး မရောင်း ချရန် တားမြစ်ခြင်း နှင့် သိမ်းဆည်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နိုင်လင်းထက်(ပြန်/ဆက်)