ပေါက်ခေါင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ ၄၄၂၄၆ ဧကစိုက်ပျိုးပြီးစီး

ပေါက်ခေါင်း ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံသီးနှံ ၄၄၂၄၆ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ ၄၄၂၃၃ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယခုနှစ်ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ပဲမျိုးစုံ ၄၄၂၄၆ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်သဖြင့် လျာထားဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်းသိရသည်။ ပဲမျိုးစုံစိုက်ပျိုးမှုအနေနှင့် ယခုနှစ်ဆောင်းသီးနှံပဲမျိုးစုံစိုက်ပျိုးနိုင်မှုမှာ ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် ပဲမျိုးစုံစိုက်ပျိုးပြီးစီးမှုအနေဖြင့် ပဲတီစိမ်း ၁၀၉၆၈ ဧက၊မတ်ပဲ ၁၂၈၄၁ ဧက၊ကုလားပဲ ၆၇၃၈ ဧက၊ ပဲကြီး ၂၈၃၇ ဧက၊ပဲနောက် ၆၁၃၄ ဧကနှင့်မြေပဲ ၅၇၁၉ ဧကတို့ ဖြစ်ကြောင်း သိရသည်။ ပဲမျိုးစုံစိုက်ပျိုးသည့် တောင်သူများသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားကင်းစင်ရေးနှင့် သွင်းအားစုများစနစ်တကျ အသုံးပြုနိုင်ရေးတို့အတွက် အသိပညာပေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)