လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး

ဘားအံ ဖေဖော်ဝါရီ ၂၃

ကရင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ကရင်ပြည်နယ် လူငယ်ရေးရာ ကော်မတီ၊ ကရင်ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တက္ကသိုလ်/ကောလိပ်၊သိပ္ပံတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဟူသည့် ဗလငါးတန်ဖွံ့ဖြိုးလာစေရန် အသင်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ အသင်းလိုက် လှုပ်ရှားမှုများ ဆောင်ရွက်စေခြင်းနှင့်  လူငယ်စကားဝိုင်းများကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ တိုင်ပင်ဆွေးနွေးခြင်း၊ အမြင်ခြင်းဖလှယ်ခြင်းသည် အတွေးအမြင်များကို ပိုမိုကျယ်ပြန့်လာစေပြီး အတွေးအမြင် ကျယ်ပြန့်ခြင်းသည် အောင်မြင်မှုပန်းတိုင်ဆီသို့ ချီတက်ရာတွင် လိုအပ်ချက်တစ်ခုဖြစ်ကာ ယနေ့လူငယ်စကားဝိုင်း ကျင်းပရခြင်းသည်လည်း အထက်ပါ ကိစ္စရပ်များကို အကောင်အထည်ဖော်ရာ၌ အထောက်အကူပြုစေရန် ရည်ရွယ်ကြောင်း၊ လူငယ်များကိုယ်တိုင်ကလည်း မိမိကိုယ်မိမိတန်ဖိုးရှိသည့် လူသားများဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်ကြပြီး အနာဂတ်တွင် အားကိုးအားထားပြုကြရမည့် လူငယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်မြမာလာစိုးက မြန်မာနိုင်ငံ လူငယ်ရေးရာ မူဝါဒ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်နှင့် ဆောင်ရွက်မည့် ကဏ္ဍများ၊ အထူးအလေးပေးရမည့် လူငယ်များ၊ လူငယ်ရေးရာ ကော်မတီများမှ ဆောင်ရွက်မည့် လူငယ်ရေးရာ မဟာဗျူဟာ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးဦးစိုးနိုင်က အားကစား၏အဓိပ္ပါယ်၊ လူငယ်၏ပင်ကိုယ်သဘာဝ၊ အားကစားအမျိုးအစား၊ နိုင်ငံတကာပြိုင်ပွဲများ၊ နိုင်ငံတော်မှအားကစားတိုးတက်ရေးဆောင်ရွက်မှု၊ ထူးချွန်သူများအား ဂုဏ်ပြုချီးမြှင့်မှု၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမေဦးခိုင်က ဆယ်ကျော်သက်လူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှု၊ မြန်မာနိုင်ငံတွင် လူငယ်များကြား၌ အဖြစ်များသော ကျန်းမာရေးပြဿနာများ၊ ပြည်နယ်ပညာရေးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်စန်းက ကင်းထောက်ဖွဲ့စည်းပုံနှင့် ဆောင်ရွက်မှုများ၊ အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများ သင်ယူနိုင်မည့် ပညာရေးအခွင့်အလမ်းတို့ကို အသိပညာပေး ဟောပြောသည်။

 ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက Moderator အဖြစ်ဆောင်ရွက်ပြီး ဘားအံတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်(ဘားအံ)၊ ပညာရေးဒီဂရီကောလိပ်(ဘားအံ)၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)နှင့် စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်) တို့မှ ကိုယ်စားပြုကျောင်းသား၊ကျောင်းသူတစ်ဦးစီက လူငယ်နှင့်အားကစား၊ လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့်မျိုးချစ် စိတ်ဓာတ်၊ လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်းစဉ်များဖြင့် အသီးသီးဦးဆောင်ဆွေးနွေးခဲ့ကြပြီး လူငယ်စကားဝိုင်းသို့ တက်ရောက်လာသော တက္ကသိုလ်/ကောလိပ်၊သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည် ရှင်းလင်းဖြေကြားခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လူငယ်စကားဝိုင်းတွင် Moderatorနှင့် ပါဝင်ဆွေးနွေးခဲ့ကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။

အလားတူ ဒေသတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြကာ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိတို့သက်ဆိုင်ရာ ကျေးရွာများအလိုက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်မီးလင်းရေး အစရှိသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုလားချက်၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)