တနင်္သာရီ ဖေဖော်ဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က မြို့နယ်အတွင်း လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မြို့နယ်အတွင်းဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်မှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမအတွင်း တွေ့ဆုံညှိနှိုင်း အစည်းအဝေးကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တနင်္သာရီမြို့နယ် မှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့ နယ်အဆင့်ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တနင်္သာရီမြို့နယ် အမှတ်(၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုလတ်က ဌာနအချင်းချင်းညှိနှိုင်းပူပေါင်းဆောင်ရွက်ပေးနိုင်ရေး၊ မြို့နယ်တွင်းလုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနိုင်ရေးအတွက် စစ်အုပ်ချုပ်ရေးကိုသတ်မှတ်ပေးထားသဖြင့် လေးစားလိုက်နာကြရန် အားလုံးမှာတာဝန်ရှိကြောင်း၊ မြို့သန့်ရှင်းရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ကြရန်၊
ယခုနှစ်ဘတ်ဂျက်ပိတ်ကာလနီးနေပြီဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများ မပြီးပြတ်သေးသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများပြီးစီးနိုင်ရေး၊ မပြီးပြတ်နိုင်ပါက အချိန်မီပြန်လည်အပ်နှံရေးနှင့် ဝန်ထမ်းများခရီးသွားလာသည့်အခါ ခွင့်ပြုချက်ရယူပြီးမှသွားလာကြရန် လမ်းညွှန်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးက ဌာနဆိုင်ရာအလိုက် ရုံးများပုံမှန်ဖွင့်လှစ်၍ ရုံးဝတ်စုံဖြင့်ရုံးတက်ကြရန် ၊ သစ်လွင်တောက်ပသော နိုင်ငံတော်အလံကိုလွှင့်တင်ကြရန်၊ ရုံးဆိုင်းဘုတ်/ရုံးအရှေ့ ဥပဓိရုပ်ကောင်းမွန်ရေးပြုလုပ်ကြရန်၊ မြို့တိုးချဲ့ရန်အစီအစဉ်ဆောင်ရွက်နေမှုအပေါ် ဌာနဆိုင်ရာများက ပူးပေါင်းကူညီပေးကြရန်၊ ဌာနအလိုက် လိုအပ်ချက်/ဆောင်ရွက် နေမှုအခြေအနေများကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးပေးကြရန် ဆွေးနွေးမှာ ကြားပေးသည်။
ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြပေးကြသည်။
ထို့နောက် အမှတ်(၂)စစ်နယ်မြေမှူးက ဌာနအလိုက်တင်ပြဆွေးနွေးမှုများနှင့်ပတ်သက်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း