ဖြူး ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီထွက်သီးနှံများဖြစ်သည့် နေကြာဧက (၈၀၀၀)ကျော် စိုက်ပျိုးနိုင်ရေးလျာထားလျက်ရှိရာ ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီး(မြောက်)ကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် မြစိမ်းရောင်နေကြာ (ဆီထွက်) စီမံကိန်း ဆောင်ရွက်စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီလ (၂၃)ရက်နေ့က နေကြာရိတ်သိမ်းခဲ့ရာတွင် အောင်မြင်မှုရှိကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်း ယခုနှစ်တွင် ကျေးရွာအုပ်စု (၄၈)အုပ်စု၌ ဆောင်းနေကြာစိုက်ပျိုးထားမှုမှာ သီးသန့်စိုက်ပျိုးမှု (၄၀၈)ဧက၊ မိုးစပါးစိုက်ပျိုးအပြီး ဆောင်းသီးနှံများဖြစ်သည့် မတ်ပဲ၊ ပဲတီစိမ်းပဲများနှင့် ရော၍ ပင်ကြားတန်းကြား စိုက်ပျိုးမှု (၇၇၁၃)ဧက၊ စိုက်ပျိုးထားခဲ့ရာ ယခင်နှစ်များထက် စိုက်ပျိုးမှု ပိုကြောင်း သိရသည်။
မြစိမ်းရောင်ရန်ပုံငွေဖြင့် စိုက်ပျိုးသည့် ဝဲကြီး(မြောက်)ကျေးရွာတွင် နေကြာစိုက်ပျိုးမှုမှာ သီးသန့်စိုက်ပျိုးမှု (၁၇)ဧက၊ မတ်ပဲ၊ ပဲတီစိမ်းပဲများနှင့်ရော၍ (သီးညှပ်) ပင်ကြားတန်းကြား စိုက်ပျိုးမှု (၁၆၃)ဧက၊ စိုက်ပျိုးထားခဲ့ရာ ထွက်နှုန်းကောင်းကြောင်းနှင့် အဆိုပါ ရိတ်သိမ်းနေမှုနှင့် ရိတ်သိမ်းရန် ကျန်ရှိနေသေးသည့် နေကြာစိုက်ခင်းများအား ဖြူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဉီးစီးမှူး ဦးကျော်မျိုးအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)