ပွင့်ဖြူ ဖေဖော်ဝါရီ ၂၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ မြို့ပြဖွံ့ဖြိုးရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့က မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဒေါ်သင်းသင်းလှိုင်နှင့် တာဝန်ရှိသူများအဖွဲ့က လာရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဒေါ်သင်းသင်းလှိုင်နှင့် တာဝန်ရှိသူများအဖွဲ့က ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေး အဖွဲ့၏ မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုများ၊ ပွင့်ဖြူမြို့မစည်ပင်သာယာဈေး၌ ဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျ ရောင်းချမှု ရှိ/မရှိ၊ ပွင့်လင်းရာသီကာလ မီးဘေးလုံခြုံရေး အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားမှုအခြေအနေများနှင့် ဈေးအတွင်း ဆောင်ရွက်ထားရှိသော အများသုံးသန့်စင်ခန်းများ သန့်ရှင်းရှင်းသပ်ရပ်မှု ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးရာ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်တို့က မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပွင့်လင်းရာသီကာလ မြို့မစည်ပင်သာယာဈေး မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများ၊ ဈေးတွင်း၊ ဈေးပြင် သန့်ရှင်းသာယာလှပရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် ဒုတိယအင်ဂျင်နီယာမှူးကြီးနှင့် တာဝန်ရှိသူများက ဒေသခံပြည်သူများ သန့်ရှင်းသပ်ရပ်စွာဖြင့် ဈေးရောင်းဈေးဝယ်နိုင်ရေး ဈေးဆိုင်ခန်းများအလိုက် သန့်ရှင်းရေး စနစ်တကျဆောင်ရွက်သွားရန်၊ ဈေးမီးဘေးလုံခြုံရေး အထူးဂရုပြု ဆောင်ရွက်သွားရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသည့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ ကောင်းမွန်အောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန်တို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ ဒုတိယအင်ဂျင်နီယာမှူးကြီးနှင့် တာဝန်ရှိသူများအဖွဲ့သည် ပွင့်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများ အားလပ်ချိန်များ၌ လာရောက်စိတ်အပန်းဖြေနိုင်ရေး ဆောင်ရွက်ထားရှိသည့် ပွင့်ဖြူမြို့ ပွင့်မာလာပန်းဥယျာဉ်ခြံအတွင်း ပန်းအလှပင်များ စိုက်ပျိုးထားရှိမှု၊ ကျန်းမာရေးသုံး အထောက်အကူ ပြုပစ္စည်းများ တပ်ဆင်ထားရှိမှု၊ မြို့တွင်းသာယာ စိမ်းလန်းစိုပြည်စေရေး ပန်းအလှပင်များ စိုက်ပျိုးနိုင်ရန် အတွက် ပျိုးဥယျာဉ်ခြံတွင် ပန်းအလှပျိုးပင်များ ပြုစုပျိုးထောင်ထားရှိမှု၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံး၌ ရုံးတွင်း၊ ရုံးပြင် သန့်ရှင်းသာယာရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းသုံးယာဉ်၊ ယန္တရားများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/မရှိ တို့ကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက အကောင်အထည်ဖော် ဆောင်ရွက်နေသည့် မြို့ပြသန့်ရှင်း သာယာရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ဒုတိယအင်ဂျင်နီယာ မှူးကြီးနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြချက်အပေါ် မြို့ပြသန့်ရှင်းသာယာရေးလုပ်ငန်းများနှင့် ဌာနလုပ်ငန်းသုံး ယာဉ် / ယန္တရားများ ရေရှည်အသုံးပြုနိုင်ရေး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရေး၊ ရုံးလုပ်ငန်းများ လစ်ဟင်းမှုမရှိအောင် စနစ်တကျဆောင်ရွက်ရေး၊ ရုံးလုံခြုံရေးနှင့် မီးဘေးကြိုတင် ကာကွယ်ရေး အလေးထား ဆောင်ရွက်သွားရန်တို့ကို လမ်းညွှန်ကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )