တောင်ငူ ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သမိုင်းဝင်မြတ်စောညီနောင်စေတီမြတ်ကြီး၊ နောင်တော်ကြီး စေတီတော်၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ရောင်တော်ဖွင့်ခြင်း၊ ရွှေစင်ရွှေပြား ကပ်လှူပူဇော်ခြင်း၊ လုံးတော်ပြည့် ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ခြင်း၊ အရံစေတီတော်များအား ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ခြင်းများတွင် အလှူတော်ငွေပေးအပ်လှူဒါန်းခြင်းနှင့် အလှူဒါယကာ၊ ဒါယိကာမများအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က တောင်ငူမြို့၊ ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဂန္တဝင်ကိုးခန်းသိမ်တော်ကြီး၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်သည်။ ဆက်လက်၍ သမိုင်းဝင်မြတ်စောညီနောင်စေတီမြတ်ကြီး ဂေါပကဥက္ကဋ္ဌ ဦးစန်းအောင်က နောင်တော်ကြီး စေတီတော်၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား ရောင်တော်ဖွင့်ခြင်း၊ ရွှေစင်ရွှေပြား ကပ်လှူပူဇော်ခြင်း၊ လုံးတော်ပြည့်ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ခြင်း၊ အရံစေတီတော်များအား ရွှေဆေးသင်္ကန်းကပ်လှူပူဇော်ခြင်းနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ အား ရှင်းလင်းတင်ပြသည်။
ထို့နောက် အလှူတော်ငွေပေးအပ်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ခြင်းကို ပြုလုပ်ရာ ဦးစီးကော်မတီမှ တာဝန်ရှိသူများက အလှူရှင်အသီးသီးမှ ပေးအပ်လှူဒါန်းသည့် အလှူငွေများကို လက်ခံခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချို၊ တောင်ပိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ဝင်းထွဋ်လေး၊ တောင်ငူတပ်နယ်မှူး ဗိုလ်မှူးကြီး သန်းနိုင်ညွန့်၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ တောင်ငူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အလှူတော်ငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် ၂၂-၂-၂၀၂၃ ရက်နေ့အထိ လှူဒါန်းရရှိငွေ စုစုပေါင်းငွေကျပ် (၄၉၇၇၃၅၅၀/-) ဖြစ်ပြီး ယနေ့တွေလည်း အလှူရှင် (၄) ဦးမှ ရတနာပစ္စည်း များ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)